October 19, 2024

၁၉. ၉. ၂၀၂၃
Written by Ko Kyaw (Minbu)

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် ယခုဘဏ္ဍာနှစ် ၄ လအတွင်း တရားမဝင်သစ်များ အကြိမ် ၂၀ ကျော်ဖမ်းဆီးရမိခဲ့ရာမှ တရားမဝင်သစ်တန်ပေါင်း ၃၀ ကျော်အထိ ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးဦးကျော်မင်းသိန်းထံက သိရသည်။

“သရက်ခရိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (မေလ၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လ) ၄ လအတွင်း ကျွန်းသစ်လုံး ၁ ဒသမ ၂၆ တန်၊ ကျွန်းသစ်ခွဲသား ၁၇ ဒသမ ၂၉၂၈ တန်၊ သစ်မာခွဲသား ၄ ဒသမ၅၃၈၈ တန်၊ အခြားသစ်ခွဲသား ၇ ဒသမ ၇၅၅ တန်၊ စုစုပေါင်းသစ်တန်ပေါင်း ၃၀ ဒသမ ၈၄၆၆ တန်အထိ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ညွှန်ကြားရေးမှုးဦးကျော်မင်းသိန်းက ပြောသည်။

ထို့အတူ မကွေးတိုင်းအတွင်း တရားမဝင်သစ်များအား ခိုးယူ၊ ခုတ်လှဲ၊ သယ်ဆောင်၊ ရောင်းချနေမှုများကိုဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဒေသခံပြည်သူများမှ စောင့်ကြည့်သတင်းပေးသည့်စနစ်(CMRS) ကိုထူထောင်ပြီးဆောင်ရွက်နေသလို၊ မကွေးတိုင်းသစ်တောဦးစီးဌာနကလည်း Net Work ထူထောင်ထားပြီး သတင်းပေး တိုင်ကြားသူများ အဆင်ပြေစေရန် တယ်လီဖုန်းနံပါတ်များပါ ထုတ်ပြန်ကြေညာပေးထားသည်။

“အဲဒီလို ပြည်သူလူထုပူးပေါင်းပါဝင်ကာ သတင်းပေးတိုင်ကြားမှုတွေကြောင့် တရားမဝင်သစ်ခိုးယူမှုတွေကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

သို့သော် ယခင်ဘဏ္ဍာနှစ် ၄ လအတွင်း သရက်ခရိုင်မှ ကျွန်းသစ်လုံး ၁ ဒသမ ၈၀၂ တန်၊ ကျွန်းသစ်ခွဲသား ၇၄ ဒသမ ၆၃၇၆ တန်၊ သစ်မာခွဲသား ၈ ဒသမ ၇၇၀၃ တန်၊အခြားသစ်ခွဲသား ၃ ဒသမ ၄၈၈၄ တန်၊ စုစုပေါင်းသစ်တန်ပေါင်း ၈၈ ဒသမ ၆၉၈၃ တန် ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ်တွင် ဖမ်းဆီးရမိမှုလျော့ကျလာခဲ့ကြောင်းကို မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနထံက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *