October 19, 2024

၁၉. ၉. ၂၀၂၃
Written by Peya

လူတစ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပျောက်ဆုံးနေသည်ဟုဆိုသည့် မြဝတီမြို့နယ်က မမိုးဘွဲ့မှူး၏ သတင်းကို ငါးရက်ကြာသည့်တိုင် မကြားရသေးကြောင်း မမိုးဘွဲ့မှူး ၏ မိသားစုဝင်တစ်ဦးက စက်တင်ဘာလ ၁၉ ရက်တွင် MT News သတင်းဌာနသို့ ပြောသည်။

ဘားအံတက္ကသိုလ်တွင် အဝေးသင် မြန်မာစာနောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသူဖြစ်သော အသက် ၂၄ နှစ်အရွယ် မမိုးဘွဲ့မှူးသည် မြဝတီမြိုနယ် မဲကနယ်ကျေးရွာအုပ်စုက ဖားချောင်းကျေးရွာရှိ ပစ္စည်းဂိုထောင် တစ်ခုတွင် အလုပ်လုပ်နေစဉ် စက်တင်ဘာလ ၁၅ ရက်က ပျောက်ဆုံးသွားခြင်းဖြစ်ကာ ၎င်းသည် အဆိုပါဂိုထောင်တွင်ပင်နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“အကြောင်းအရာ အတိအကျကိုလည်း တိတိကျကျ မသိရသေးပါဘူး။ သူ့ကို လူတစ်စုက ဖမ်းခေါ်သွားတယ်။ အခုချိန်အထိ ပျောက်နေတယ်ဆိုတာ သိတယ်။ ရဲတပ်ဖွဲ့ကလည်း ပြန်တွေ့ဖို့လည်း လုပ်ပေးနေပါတယ်” ဟု အထက်ပါ မိသားစုဝင် က ဆိုသည်။

ထိုသို့ ပျောက်ဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ လက်ရှိ အချိန်အထိ တိကျသည့် သတင်းတစ်စုံတစ်ရာ မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။

“ပျောက်သွားတာက ငါးရက်ရှိပြီ ဆိုတော့ စုံစမ်းနေတာပဲ” ဟု ၎င်းက ဆိုသည်။

မမိုးဘွဲ့မှူး ပျောက်ဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများကို တိုင်ကြားထားသည့်အပြင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင်လည်း လူပျောက်ကြောင်းနှင့် တွေ့ရှိက မိသားစုကို အကြောင်း ကြားပေးရန် အကူအညီတောင်းထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *