October 14, 2024

◾ ရူဘယ်- ကျပ် ငွေပေးချေမှုကို ပြည်တွင်းရှိ မည်သည့်ဘဏ်ကမဆို ဆောင်ရွက်နိုင်မည်ဟု ဆို

၁၅. ၉. ၂၀၂၃

Written by Ye Kyaw

မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ် တိုက်ရိုက်ပေးချေနိုင်ရန် မြန်မာငွေပေးချေမှုအဖွဲ့ (MPU) နှင့် MIR Payment System တို့အကြား Network ချိတ်ဆက်မှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် Host to Host Connectivity Testing များ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောာင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။

MIR Card System နှင့်စပ်လျဉ်း၍ မြန်မာငွေပေးချေမှုအဖွဲ့ (MPU) မှ အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိပြီး MPU နှင့် ရုရှားနိုင်ငံ၏ National Payment Cards System (NSPK)တို့အကြား Non -Disclosure Agreement (NDA)အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့်အပြင် နားလည်မှုစာချွန်လွှာကိုလည်း ရေးထိုးခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် MPU နှင့် MIR Payment System ကတ် အသုံးမှုနှင့် စပ်လျဉ်းသည့် အားသာချက်မှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုအပေါ် မှီခိုအားထားမှုများ လျော့နည်းလာစေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေရာတွင် လွယ်ကူလျင်မြန်စွာပေးချေနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှုရပ်ဝန်း ပိုမိုကျယ်ပြန့်စေရေးအတွက် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူးပီး-ကျပ် တိုက်ရိုက်ပေးချေနိုင်ရေး ဆောင်ရွက်ထားပြီး ယခုအခါ ရုရှားနိုင်ငံနှင့် ရူဘယ်-ကျပ် ပေးချေနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်းသာဖြစ်ပြီး မြန်မာ-ရုရှား တိုက်ရိုက်ငွေပေးချေမှုကို ပြည်တွင်းရှိ မည်သည့်ဘဏ်ကမဆို ပေးချေမှုဆောင်ရွက်နိုင်‌ရေး စီစဉ်ထားရှိကြောင်း ဖော်ပြထားသည်။

“နည်းပညာပိုင်းဆွေးနွေးမှုတွေ ပြီးဆုံးချိန်မှာ မြန်မာနိုင်ငံမှာ ရုရှား MIR Card ကို အသုံးပြုမှုစတင်နိုင်မှာဖြစ်သလို ရုရှားနိုင်ငံမှာလည်း ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ငွေကြေးပေးချေမှုကတ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာပါ။ အဲဒီငွေပေးချေမှု ကတ်တွေ အသုံးပြုမှုကို လာမယ့် ဒီဇင်ဘာလအတွင်း စတင်နိုင်မယ်လို့ မျှော်လင့်ထားတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသော St.Petersburg (SPIEF) စီးပွးရေးဖိုရမ်နားချိန်တွင် ရုရှားသတင်းဌာနနှင့် အင်တာဗျူးရာတွင် ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *