October 15, 2024

၁၆. ၉. ၂၀၂၃

Written by Nay Aung

သုံးလနီးပါးကြာ ပျောက်ဆုံးလျက်ရှိနေသည့် မြန်မာမိသားစုကို လက်ရှိအချိန်အထိ စုံစမ်းရှာဖွေနေဆဲဖြစ်ပြီး ပြန်လည်တွေ့ရှိခြင်းမျိုးမရှိသေးသော်လည်း ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ အမှုကို ပိတ်သိမ်းခြင်းမျိုးမရှိကြောင်း၊ ၎င်းတို့သည် ပြန်ပေးဆွဲခံရခြင်းမျိုးမဖြစ်နိုင်ဘဲ ၎င်းတို့ဆန္ဒအရ အိမ်မှထွက်ခွာသွားခြင်းမျိုးဖြစ်နိုင်ဖွယ်ရှိနေကြောင်း မလေးရှား မှုခင်းစုံစမ်းစစ်ဆေးရေးဌာန CID ညွှန်ကြားရေးမှူး Shuhaily Zain က ထုတ်ဖော်ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံတွင်နေထိုင်ပြီး မြန်မာ့အရေးလှုပ်ရှားသော မသူဇာမောင်အပြင် ခင်ပွန်းနှင့်သားသမီးသုံးဦး စုစုပေါင်း ၅ ဦးသည် ပြီးခဲ့သော ဇူလိုင် ၄ ရက်နေ့တည်းက ဆီလန်ဂေါပြည်နယ် Ampang မြို့ရှိအိမ်တွင်ပျောက်ဆုံးသွားခဲ့ပြီး ပြန်ပေးဆွဲခံရခြင်းဖြစ်ဖွယ်ရှိနေကြောင်း လူအခွင့်အရေးအဖွဲ့အစည်းများက ဝေဖန်ခဲ့သည်။

သို့သော်လည်း မလေးရှား CID အဖွဲ့ ညွန်ကြားရေးမှူးက ” ကျွန်တော်တို့ဟာ နေအိမ်မှာရှိတဲ့ CCTV ကို စစ်ဆေးခဲ့တယ်။ မသူဇာတို့မိသားစုလိုက် ပြန်ပေးဆွဲခံရတဲ့ အမှတ်အသားမျိုးမတွေ့မြင်မိဘူး။ အရာရာတိုင်းဟာ ပုံမှန်အတိုင်းဖြစ်နေတယ်။ သူတို့ဟာ ဆန္ဒအလျောက် နေအိမ်ကထွက်သွားတာမျိုးဖြစ်ဖို့ အလားအလာများနေတယ်။ မသူဇာတို့မိသားစု ကားထဲကို ဆန္ဒအလျောက် ဝင်သွားတဲ့ ပုံစံမျိုးရှိနေသလို ကလေးတွေကလည်း ကားထဲကို ဆန္ဒအတိုင်း ဝင်သွားတဲ့ ပုံစံမျိုးဖြစ်တယ်။ ဒါ့အပြင်ကားကိုလည်း မြန်နှုန်းမြှင့် မောင်းတဲ့ ပုံစံမျိုးမတွေ့ရဘူး”ဟု ပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် မြန်မာ့အရေးလှုပ်ရှားသူ မသူဇာတို့မိသားစုပျောက်ဆုံးနေခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာတွင် ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်းအမှုကို ပိတ်သိမ်းသွားမည်မဟုတ်သေးကြောင်း ၎င်းကထပ်မံပြောဆိုထားသည်။

မသူဇာမောင်သည် ပြီးခဲ့သော ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ပြေးလာခဲ့ပြီး မလေးရှားရှိ မြန်မာ့အရေးလှုပ်ရှားသူဖြစ်ရာ ပြန်ပေးဆွဲခံရခြင်းဖြစ်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ မလေးရှားရဲတပ်ဖွဲ့ကမူ လူအခွင့်အရေး အဖွဲ့အစည်းများပြောဆိုနေသလိုမျိုး မသူဇာမောင်တို့မိသားစုလိုက် ပြန်ပေးဆွဲခံရခြင်းမျိုးမဖြစ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Ref; .freemalaysiatoday

Leave a Reply

Your email address will not be published. Required fields are marked *