October 15, 2024

၁၆. ၉. ၂၀၂၃

Written by Ye Kyaw

ကိုဗစ်-၁၉ အလွန်ကာလ လေကြောင်းခရီးသွားစီးပွားရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည့် အချိန်ကာလကို ရောက်ရှိပြီဖြစ်သဖြင့် မြန်မာအမျိုးသားလေကြောင်း (MNA) အနေဖြင့် နိုင်ငံ၏ ပို့ကုန်/သွင်းကုန်ကဏ္ဍကို တိုးမြှင့်ပေးနိုင်မည့် ကုန်စည်ပို့ဆောင်ရေး (Cargo) ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် မြန်မာအမျိုးသားလေကြောင်း (MNA) (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး နိုင်ငံတိုင်း၏စီးပွားရေးကဏ္ဍ ကျဆင်းမှုဖြစ်ခဲ့ရသကဲ့သို့ လေကြောင်းခရီးသွားလာပို့ဆောင်မှုအပေါ်တွင်လည်း များစွာသက်ရောက်မှုရှိခဲ့ကြောင်း၊ ယခုပြန်လည်နာလန်ထူလာပြီး ခရီးစဉ်ပေါင်းများစွာ၊ လေယာဉ်ပေါင်းများစွာ တိုးချဲ့ပြေးဆွဲနေသည်ကို တွေ့ရပါကြောင်း၊ ထိုကဲ့သို့ တိုးချဲ့ပြေးဆွဲနိုင်ခြင်းသည် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အကျိုးဖြစ်ထွန်းမှုရှိခြင်းကြောင့်သာဖြစ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြောင်းလဲတိုးတက်လာသည့်အခြေအနေနှင့် လိုက်လျော ညီထွေစွာ ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ်မူတည်ပြီး လေယာဉ်စီး‌ရေတိုးချဲ့မှုများ၊ လက်ရှိပြေးဆွဲနေသည့် ခရီးစဉ်များကို ခေါက်ရေတိုးမြှင့်ပြေးဆွဲမှုများ၊ ခရီးစဉ်များ တိုးချဲ့ပေးဆွဲမှုများ ဆောင်ရွက်သွားရန်၊ ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲပျံသန်းရန် စီစဉ်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ပို့ကုန်၊သွင်းကုန်ကို တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံစီးပွားတိုးတက်မှုကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးရာရောက်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်ပခရီးစဉ် ပျံသန်းမှုများအနေဖြင့်လည်း ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ စသည့်နိုင်ငံများကို ပုံမှန်ခရီးစဉ် (Schedule Flight) များ ပျံသန်းနေသည့်အပြင် ဗုဒ္ဓဂါယာဘုရားဖူး စင်းလုံးငှား (Charter Flight) ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲလျက်ရှိသည်ကို တွေ့ရရှိကြောင်း၊ မကြာမီတွင်လည်း ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် လေကြောင်းကုန်စည် ပို့ဆောင်မှုကဏ္ဍတွင် MNA အနေဖြင့် ပါဝင်‌ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *