October 18, 2024

၁၈. ၉. ၂၀၂၃
Written by Pan Ei

နာမည်ကျော် တောင်ကိုရီးယား အမျိုးသားအဆိုရှင်အဖွဲ့ SF9 နဲ့ ပွဲဦးထွက်ခဲ့ပြီး တောင်ကိုရီးယားမှာသာမက မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာမှာ နာမည်ကြီး ရေပန်းစားနေတဲ့ Rowoon ဟာ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်မှုများစွာရရှိထားသူတစ်ဦးပါ။ ဒါပေမဲ့ ဒီနေ့ထုတ်ပြန်ခဲ့တဲ့ SF9 အဖွဲ့ရဲ့ အေဂျင်စီ FNC Entertainment ရဲ့ ထုတ်ပြန်ချက်အရ Rowoon က အဖွဲ့ဝင်အနေနဲ့ စာချုပ်ထပ်မံချုပ်ဆိုခဲ့ခြင်းမရှိဘဲ အဖွဲ့ကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

SF9 အဖွဲ့ဟာ ပွဲဦးထွက်ကာလ ၇ နှစ်ကျော်ရှိပြီဖြစ်ပြီး အောင်မြင်နေဆဲ အဖွဲ့တစ်ခုဖြစ်တဲ့အပြင် နောက်လာမယ့် Comeback တွေမှာတော့ ကျန်တဲ့ အဖွဲ့ဝင် ၈ ယောက်နဲ့ ဆက်လုပ် ဖွဲ့စည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

FNC Entertainment က ဒီနေ့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ “SF9 အဖွဲ့ဝင်တွေဟာ ပွဲဦးထွက်ပြီး ခုနှစ်နှစ်အကြာ ဒီနေ့ စက်တင်ဘာ ၁၈ ရက်မှာ ကျွန်ုပ်တို့နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပါတယ်။ Rowoon က လွဲပြီး အဖွဲ့ဝင်အားလုံးက ကျွန်ုပ်တို့နဲ့ စာချုပ်တွေကို သက်တမ်းတိုးခဲ့ကြတာကြောင့် အဖွဲ့ဝင် ၈ ဦးပါတဲ့ အဖွဲ့အဖြစ် ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ Rowoon ကတော့ သရုပ်ဆောင်ပိုင်းနဲ့ တခြား တစ်ကိုယ်တော်လှုပ်ရှားမှုတွေဘက်ကို ပိုအာရုံစိုက်သွားမှာပါ” လို့ ပါဝင်ပါတယ်။

အသက် ၂၇ နှစ်အရွယ် Rowoon ဟာ ချောမောလှတဲ့ ရုပ်ရည်နဲ့ မြင့်မားလှတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး အဆိုတော်အနေနဲ့ ပွဲဦးထွက်ခဲ့ပေမဲ့ မင်းသားအနေနဲ့ ပိုပြီး အောင်မြင်နေတာလည်းဖြစ်ပါတယ်။ Rowoon ဟာ Extraordinary You၊ The King’s Affection၊ Tomorrow နဲ့ အခုလက်ရှိပြသနေတဲ့ Destined with You စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲပေါင်းများစွာမှာ ဇာတ်ဆောင် မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသား တစ်လက် ဖြစ်တဲ့အပြင် နောက်လထဲမှာ သူ့ရဲ့ Wedding Battle ဆိုတဲ့ ဇာတ်လမ်းတွဲ ထွက်ရှိဦးမှာလည်း ဖြစ်ပါတယ်။

Ref; Allkpop

Leave a Reply

Your email address will not be published. Required fields are marked *