October 19, 2024

၁၈. ၉. ၂၀၂၃
Translated by Htwe Ko Tun

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ ရုရှားနိုင်ငံသို့ တစ်ပတ်နီးပါးကြာခရီးစဉ်အတွင်း ဧည့်ဝတ်‌ကျေပွန်မှုအတွက် ရုရှားသမ္မတဗလာဒီမာပူတင် အား အူလှိုက်သည်းလှိုက်ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA မီဒီယာက စက်တင်ဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ကင်ဂျုံအန်း၏ စက်တင်ဘာလ ၁၂ ရက်မှစတင်သော ရုရှားခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင်နှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာကိစ္စများကို အလေးထားညှိနှိုင်းခဲ့ကြသော ခရီးစဉ်ဟုလည်းယူဆရသည်။ ကင်က ခရီးစဉ်အတွင်း ရုရှားနိုင်ငံ၏ အသံထက်ငါးဆမြန်သောဒုံးပျံ၊ ရေငုပ် သင်္ဘောပစ်ဒုံးပျံများနှင့် မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ်များကိုပါ လှည့်လည်ကြည့်ရှုခဲ့ရာအနောက်နိုင်ငံများအတွက် အထူးစိုးရိမ်ဖွယ် ဖြစ်ခဲ့ရသည်။ ရုရှားအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ စစ်ရေးထောက်ပံ့မှုပြုလုပ်လာမည်လားဟု ၎င်းတို့က အထူးစိုးရိမ်လာကြသည်။

ကင်ဂျုံအန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အဓိကအကျဆုံး မဟာမိတ်နှင့် စီးပွားရေးအရလည်းမှီခိုနေရသည့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ဆက်ဆံမှုများတိုးမြှင့်ပြုလုပ်ရန်အတွက် ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံရန်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ခရီးစဉ်အတွင်းပြောခဲ့သည်။

ကျွမ်းကျင်သူများကမူ ရုရှားက မြောက်ကိုရီးယားထုတ်အမြောက်ဆံများကို ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုရန် လိုလားနေသလို မြောက်ကိုရီးယားဘက်ကလည်း ဂြိုဟ်တုနည်းပညာအတွက်အကူအညီရယူရန်နှင့် ၎င်း၏ ဆိုဗီယက်ခေတ် စစ်ဖက်လက်နက်များကို အဆင့်မြှင့်ရန်ရုရှားနိုင်ငံကို စိတ်ဝင်စားနေသည်ဟု‌ သုံးသပ်ကြသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *