October 15, 2024

၁၇. ၉. ၂၀၂၃

Written by Ko Kyaw (Minbu)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိလျှပ်စစ်မီးမရရှိသေး‌သည့်ကျေးရွာ ၂ ရွာအား ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း၂၀၀ ကျော်ဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်နေကြောင်း မင်းဘူးခရိုင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်အင်ဂျင်နီယာမှူးဦးကျော်ကျော်အောင်ထံက သိရသည်။

“နိုင်ငံတော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး စသည့်လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ဆောင်ရွက်ပေးနေရာမှာ လျှပ်စစ်မီးရရှိရေးလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ငဖဲမြို့နယ်အတွင်း ပန်းထိမ်းကျေးရွာ အုပ်စုထဲက သီပေါကျေးရွာနဲ့ ဇင်ပြွန်းကျေးရွာအုပ်စုက ဇင်ပြွန်းကျေးရွာ၊ ၂ ရွာကို ဒိဘဏ္ဍာနှစ်အတွင်းတိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၂၀၆ ဒသမ ၂၅၀ သန်းနဲ့ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ခရိုင်အင်ဂျင်နီယာမှူးဦးကျော်ကျော်အောင်က ပြောသည်။

ငဖဲမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာပေါင်း ၃၇ ရွာ လျှပ်စစ်ဓာတ်အားရရှိနေပြီး ကျေးရွာပေါင်း ၄၁ ရွာမှာလျှပ်စစ်မီးလင်းရန်ကျန်ရှိနေကာ လက်ရှိတွင် မြို့နယ်အတွင်း၌ ​လျှပ်စစ်မီတာအလုံးပေါင်း ၄၃၃၉ လုံး တပ်ဆင်ဆောင်ရွက်ပေးထားကြောင်း မင်းဘူးခရိုင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းထံက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *