ဆက်လက်လည်ပတ်နေပါက ဝန်ထမ်းရော လုပ်ငန်းရှင်ပါ အရေးယူမည် ခြိမ်းခြောက်
၁၇. ၉. ၂၀၂၃
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းကို ဖျက်သိမ်းတယ်လို့ NUG က ဒီနေ့ကြေညာလိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဟာ အများပြည်သူအကျိုးကို ဦးစားပေးရမည် ဖြစ်ပေမဲ့လည်း ကျောက်မျက်အသင်းဟာ SAC အစိုးရအဖွဲ့ရဲ့ တရားဝင်မှုနဲ့ အခွန် ဒါမှမဟုတ် အကျိုးအမြတ် စတာတွေအပေါ် တစ်နည်းတစ်လမ်းအားနဲ့ အကျိုးပြုနေတယ်လို NUG က သုံးသပ်ပြီး အမိန့်များတွေ ကြေညာချက်တွေနဲ့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့လည်း လိုက်နာခဲ့ခြင်းမရှိတဲ့ မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နဲ့ လက်အောက်ခံ အသင်းခွဲတွေကို ဖျက်သိမ်းတယ်လို့ NUG ကြေညာချက်မှာ ဖော်ပြထားတာပါ။
NUG က ဖျက်သိမ်းမိန့် ထုတ်ပြန်တဲ့ ဒီနေ့ကစ အသင်းနဲ့ အသင်းခွဲတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေ အားလုံးကို ထုတ်နုတ်သုံးစွဲခြင်းမပြုဖို့လည်း တားမြစ်ခဲ့သလို အမိန့်ထုတ်ပြန်ပြီးနောက် အဆိုပါ အဖွဲ့အစည်းမှာ ဆက်လက် ပါဝင်လုပ်ကိုင်နေတာ၊ ပူးပေါင်းလုပ်ကိုင်နေတာ၊ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတွေ ဆက်လက်သုံးစွဲနေတာ၊ ယင်းအဖွဲ့အစည်း အမည်နဲ့ ဆက်လက်ဆောင်ရွက်တာတွေ ပြုလုပ်နေတဲ့ လုပ်ငန်းရှင်တွေ ဝန်ထမ်းတွေကို SAC အပေါ် ထောက်ပံ့ကူညီနေသူတွေအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း NUG ရဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
NUG အနေနဲ့ ၂၀၂၁ ခုနှစ်ကစပြီး ပြည်ပကိုထွက်ပြေးတဲ့ NLD အမတ်တွေပေါင်းစုပြီး အဝေးရောက်အစိုးရအဖြစ် သူတို့ဘာသာသူတို့သတ်မှတ်ပြီး နိုင်ငံ့ဝန်ထမ်းတွေထုတ်ပယ်တာ၊ အခုလိုမျိုး ပုဂ္ဂလိကအသင်းအဖွဲ့တွေကို ဖျက်သိမ်းတာကို ထုတ်ပြန်ချက်တွေမကြာခဏထုတ်ပေမဲ့လည်း ထိရောက်တဲ့လုပ်ဆောင်နိုင်ချက်မရှိသလို ဘယ်သူကမှလည်း အရေးတယူဂရုစိုက်တာ မရှိဘဲ NUG ထုတ်ပယ်တဲ့နိုင်ငံ့ဝန်ထမ်းတွေက ပုံမှန်အလုပ်လုပ်နေမြဲဖြစ်သလို NUG ဖျက်သိမ်းတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကလည်း ပုံမှန်ရှေ့ဆက်နေတာပါ။