October 19, 2024

၁၇. ၉. ၂၀၂၃

Written by Nay Aung

မလေးရှားရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် Serembanမြို့Taman Semarak အရပ်ဒေသရှိနေရာများကို စက်တင်ဘာ ၁၆ ရက်နေ့က စီးနင်းရှာဖွေခဲ့ရာ တရားမဝင်ဖွင့်လှစ်ထားသော KTV ကာရာအိုကေဆိုင်နှင့် မြန်မာနိုင်ငံသား ၉၀ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Taman Semarak အရပ်ဒေသတွင် ဖွင့်လှစ်ထားသော ဈေးဆိုင်များကို မြန်မာနိုင်ငံသားများအတွက်ရည်ရွယ်ပြီး KTV ကာရာအိုကေဆိုင်အဖြစ် ပြောင်းလဲဖွင့်လှစ်ခြင်းများရှိခဲ့ကြောင်း၊ အဆိုပါ KTV ကာရာအိုကေဆိုင်များတွင် သီချင်းသီဆိုပါတီပွဲများအပြင် လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများလည်း လုပ်ကိုင်နေကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

ဖောက်သည်များအနေဖြင့် KTV ကာရာအိုကေဆိုင်ထဲဝင်ရောက်မည်ဆိုပါက လျှို့ဝှက်နံပါတ်ပြောဆိုမှုများလုပ်ဆောင်ရကြောင်း၊ အဆိုပါ KTV တွင် မြန်မာသံစဉ်စာသားများဖြင့် သီချင်းများကို သီဆိုနိုင်ပြီး အရက်သောက်သုံးမှုနှင့် သီချင်းသီဆိုမှုများအတွက် တစ်နာရီကို မလေးရှားရင်းဂစ် ၃၀ ပေးရကြောင်း မလေးရှားရဲတပ်ဖွဲ့ကဆိုသည်။ စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်းက ဝင်ရောက်စီးနင်းရှာဖွေချိန်အတွင်း KTV ၌ လာရောက်သီဆိုနေသည့် မြန်မာနိုင်ငံသား ၉၀ ကျော်ကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။

“ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေဟာ KTV ကာရာအိုကေကိုစီးနင်းချိန်မှာ မြန်မာနိုင်ငံသား စုစုပေါင်း ၉၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်။ဖမ်းဆီးခံရသူတွေထဲမှာအမျိုးသား ၆၅ ဦးနဲ့ အမျိုးသမီး ၂၇ ဦး ပါဝင်ခဲ့တယ်။ ဖမ်းဆီးရမိသူတွေထဲက ၃၉ ဦးက မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်နေထိုင်နေသူတွေဖြစ်တာကိုတွေ့ရှိခဲ့တယ်”ဟု မလေးရှားရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဒါတွတ်အာမက် ဒါဖရီ ယူဆောဖ့်က ပြောသည်။

KTV ကာရာအိုကေဆိုင်အတွင်း အရက်များ ရောင်းချသော်လည်း အခွန်ဆောင်ခြင်းများမရှိကြောင်း၊ ဆိုင်ကလည်း တရားဝင်အသိမှတ်ပြု လိုင်စင်မျိုးမရှိကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၉၀ ကျော်ကို မလေးရှားနိုင်ငံရှိ ဥပဒေများ ချိုးဖောက်မှုများအတွက် စစ်ဆေးကာစွဲချက် တင်သွားမည်ဖြစ်ကြောင်း မလေးရှားရဲမှူးကြီးက ထပ်မံပြော ဆိုထားသည်။

Ref; NewStraiteTimes

Leave a Reply

Your email address will not be published. Required fields are marked *