October 18, 2024

◾ တရားမဝင်တူးဖော်နေမှုများ အဆင့်ဆင့်တိုင်ကြားသော်လည်း ထူးခြားသည့်အရေးယူဆောင်ရွက်မှုမရှိ

၁၇. ၉. ၂၀၂၃

Written by Tha Doe

တနင်္သာရီဒေသတွင် ခဲမဖြူ၊ အဖြိုက်နက် စသည့်သတ္တုများ အကြီးစားတူးဖော်ရန် တရားဝင်လျှောက်ထားသည့် ဧက ၃၀၀ ကျော်အတွင်း တရားမဝင်တူးဖော်မှုများနှင့်ရင်ဆိုင်နေရပြိး ထိုသို့ တရားမဝင်တူးဖော်နေမှုများကို အဆင့်ဆင့်တိုင်ကြားသော်လည်း ထူးခြားသည့်အရေးယူဆောင်ရွက်မှုမရှိဖြစ်နေသည်ဟု ထိုလုပ်ကွက်ကို တရားဝင်တူးဖော်ရန်​လျှောက်ထားသည့် A & M Myanmar Limited ၏ တိုင်ကြားစာများအရ သိရသည်။

အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် A & M Myanmar Limited တို့က တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဇေးကမိကျေးရွာအုပ်စု ဇေးကမိဒေသရှိ လုပ်ကွက်ဧရိယာ ၃၃၄ ဒသမ ၀၆ ဧကပေါ်တွင် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့် ခဲမဖြူ အဖြိုက်နက်နှင့် ရောရာ သတ္တုအကြီးစား တူးဖော်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး A & M Myanmar Limited မှ ခွင့်ပြုဧရိယာနှင့်ဆက်စပ်လျက်ရှိသော ဒေသခံပြည်သူများ၏ သီးနှံစိုက်ပျိုးမြေ ဧရိယာ ၁၄၃ ဒသမ ၆၈ ဧကအတွက် သီးနှံလျော်ကြေးများအား ၂၀၁၉ ခုနှစ် ဩဂုတ် ၃၁ ရက်တွင် ပေးလျော်ထားပြီးဖြစ်သည်။

ထို့အတူ A&M Myanmar အနေဖြင့် အခြားလိုအပ်သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာကိုအတည်ပြုထားပြီးဖြစ်သလို သက်ဆိုင်ရာဌာနအသီးသီးမှ လိုအပ်သည့် ထောက်ခံမှုများ၊ ကန့်ကွက်ရန်မရှိသော သဘောထားမှတ်ချက်များ အဆင့်အသီးသီးကိုလည်း ရရှိထားပြီးဖြစ်သည်။ သို့သော် အဆိုပါလုပ်ကွက်ကို တရားဝင်တူးဖော်ခွင့်ရရှိရန် A&M Myanmar ကုမ္ပဏီက ကြိုးပမ်းနေချိန်တွင် ဒေသခံပြည်သူအချို့၏ တရားမဝင်သတ္တုတူးဖော်မှုများ အကြီးအကျယ်ပြုလုပ်မှုကို ရင်ဆိုင်နေရသည်ဟုလည်း သိရသည်။

ထို့ကြောင့် A & M Myanmar Limited သည် ကျွန်းစုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြရာ ၂၀၂၁ ခုနှစ် မေလ ၆ ရက်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားမဝင်လုပ်ကိုင်သည့် ဒေသခံများကို တရားမဝင်တူးဖော်မှူများမဆောင်ရွက်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါကသတ္တုတွင်းဆိုင်ရာနည်းဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးခဲ့သည်။ သို့ရာတွင် တရားမဝင်တူးဖော်သူများသည် A & M Myanmar Limited မှ စတင် လုပ်ကိုင်နိုင်ခြင်းမရှိသေးသောကြောင့် ယခုကဲ့သို့ဝင်ရောက်တူးဖော်ခြင်းဖြစ်ကြောင်းပြောဆိုပြီး တူးဖော်နေများအား ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ထို့အတွက် A & M Myanmar Limited မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ မေလ ၅ ရက်၊၂၀၂၁ နေ့စွဲပါ စာအမှတ် -A&M/ADM-08/05-21 ဖြင့် တရားမဝင် တူးဖော်လျက်ရှိသော အသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းများ၏ တည်နေရာနှင့်အချက်အလက်များအား အသေးစိတ်ထပ်မံတင်ပြခဲ့သည်ဟု A&M Myanmar ၏ တိုင်ကြားစာတွင် ဖော်ပြထားမှုအရ သိရသည်။

ထိုသို့ အဆင့်ဆင့်တိုင်ကြားသော်လည်း တရားမဝင်တူးဖော်လျက်ရှိသော အသေးစား လက်လုပ်လက်စားလုပ်ကွက်များမှာ ယနေ့အထိ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဆောက်ရွက်လျက်ရှိနေသဖြင့် စီမံကိန်းနေရာနှင့် ထိုဒေသတစ်လျှောက် ကျင်းကြီးများ၊ ချိုင့်ခွက်များ မြောက်မြားစွာဖြစ်ပေါ်လျက် သဘာဝပတ်ဝန်းကျင်မှာလည်း လျင်မြန်စွာပျက်စီးလျက်ရှိသည်။ ထိုသို့ တရားမဝင်တူးဖော်မှုများကို တားဆီးနိုင်ခြင်းမရှိသောကြောင့် တရားဝင်တူးဖော်ခွင့်ရရန် ဒေါ်လာသန်းချီမြှုပ်နှံကာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ တရားဝင်ဆောင်ရွက်လျက်ရှိသော A & M Myanmar Limited ကုမ္ပဏီနှင့် နိုင်ငံတော်အနေဖြင့် များစွာထိခိုက်နစ်နာနေရသည်ဟုလည်း တာဝန်ရှိသူများထံ တိုင်ကြားသူတစ်ဦးက MT News သတင်းဌာနသို့ပြောသည်။

“SAC အစိုးရလက်ထက်မှာ လုပ်ကွက်အကြီးကြီးတွေကို ချမပေးတော့ စီမံကိန်းက ခေတ္တဆိုင်းငံ့သဘောဖြစ်နေတာပါ။ ကုမ္ပဏီအနေနဲ့ ဌာနဆိုင်ရာအဆင့်ဆင့်ကနေ တရားဝင်တူးဖော်ခွင့်ရဖို့ ခွင့်ပြုချက်အများစုရထားချိန်မှာ တရားမဝင်တူးဖော်နေသူတွေကြောင့် အများကြီးနစ်နာနေရသလို နိုင်ငံအတွက်လည်း နစ်နာပါတယ်။ တာဝန်ရှိသူအဆင့်ဆင့်ထံတိုင်ကြားပေမဲ့လည်း ဒီနေ့ဒီအချိန်အထိ အရေးယူဆောင်ရွက်မှု လုံးဝမရှိပါဘူး “ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ တနင်္သာရီဒေသတွင် ခဲမဖြူလုပ်ကွက်များ တရားမဝင်တူးဖော်မှုတွင် လက်နက်ကိုင် PDF များ ပတ်သက်မှုရှိနေသကဲ့သို့ ပြည်သူ့စစ်များလည်း ရှိနေကာ တာဝန်ရှိသူအချို့ကလည်း ထိုအပေးအယူများကို မသိကျိုးကျွံပြုကာ မျက်စိမှိတ်နေသဖြင့် ဇေးကမိလုပ်ကွက်တည်ရှိရာနေရာတွင် သတ္တုများ ဆိုးရွားစွာခိုးတူးခံနေရပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ရင်ဆိုင်နေရသလို ဒီရေတောများလည်း ပျက်စီးမှုအကြီးအကျယ်ရင်ဆိုင်နေရသည်ဟု A&M Myanmar မှ တိုင်ကြားစာပေးပို့သူက MT News သတင်းဌာနသို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *