၁၈ .၉.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာဘူရီပြည်နယ်၊ ဆန်ခလာဘူရီခရိုင်၌ မြန်မာအမျိုးသမီးတစ်ဦးအား အမ်-၁၆ သေနတ် ကျည်ဆံတွဲများ၊ ကျည်ကပ်များနှင့်အတူ စက်တင်ဘာ ၁၆ ရက်က ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်၌ ပြောကြားခဲ့သည်။
ဆန်ခလာဘူရီခရိုင်အတွင်း နုန်လုခရိုင်ခွဲရှိ ရွာတစ်ရွာ၌ရှိသော ပုဂ္ဂလိကဖြန့်ချိရေးကုမ္ပဏီဝန်ထမ်းများက ကျည်ဆံများထည့်ထားသည်ဟု မသင်္ကာဖွယ်ယူဆရသော အညိုရောင်ပါဆယ်ထုပ်တစ်ထုပ်ကို တွေ့ရကြောင်း သတင်းပေးချက်အရ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဟုသိရသည်။ ဝန်ထမ်းများက ပါဆယ်ထုပ်၏ ပေါက်နေသောနေရာတစ်ခုမှ ၎င်းတို့အတွင်းသို့ ကြည့်ရှုရာတွင် ကျည်ဆံများကိုတွေ့ရခြင်းဟု ပြောခဲ့ကြသည်။
ပါဆယ်ထုပ်က ထိုရွာအတွင်း အိမ်အမှတ် ၂၄၁ နေ Peerapol Pannaree သို့ လိပ်စာတပ်ထားပြီး ချောင်ဘူရီပြည်နယ်၊ ဘန်ဘန်းခရိုင်မှ Porntip ဆိုသူက ပေးပို့ခဲ့ခြင်းဟုလည်း သိရသည်။ ပါဆယ်ထုပ်ထဲတွင် အထုပ် ၅၀ ပါဝင်ကြောင်းတွေ့ရပြီး အထုပ်တိုင်းတွင် ကျည်ဆံ ၅၀ စီနှင့်တစ်ထုပ်တွင် ကျည်ဆံ၂၀ ပါကြောင်းတွေ့ရှိရသည်။ထို့ပြင် အမ်-၁၆ ကျည်ကပ် ၂၀ ကိုလည်း ပါဆယ်ထုပ်ထဲတွင် တွေ့ရသည်ဟုဆိုသည်။
ရွာတွင်းရှိ လိပ်စာတပ်ထားသူအိမ်သို့ ည ၇ နာရီခန့်တွင် ကုမ္ပဏီက ပါဆယ်ထုပ်အားသွား၍ပေးစဉ် ရဲတပ်ဖွဲ့က ခပ်လှမ်းလှမ်းမှစောင့်ဆိုင်းနေကာ ပါဆယ်ထုပ်အား အိမ်တွင်းမှထွက်၍ လာယူသော အမျိုးသမီးအားဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။
ထိုအမျိုးသမီးအားစစ်ဆေးချက်အရ မြန်မာနိုင်ငံသား တစ်ဦးဟုသိရပြီး ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင် နေသည်မှာ ၁၃ နှစ်ခန့် ရှိပြီဟုလည်းပြောခဲ့သည်။သို့ သော် ထိုအမျိုးသမိးက ပါဆယ်ထုပ်မှာ ၎င်း၏ပစ္စည်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့ကဆက်လက်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရပြီး ထိုအမျိုးသမီးအား ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနှင့်ခွင့်ပြုချက်မရဘဲ လက်နက်ခဲယမ်းများပိုင်ဆိုင်မှုဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
Ref-Bangkok Post