October 23, 2024

၇.၁၁.၂၀၂၂

Written by Phyo Wei

FATF ရဲ့ သက်ရောက်မှုတချို့ စတင်လာတဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးအခြေအနေမှာဆိုရင် CRPH ဘက်ကလည်း ဦးအောင်ကြည်ညွန့်ဦးဆောင်ပြီး အရေးယူဖို့တွေ တောင်းဆိုနေတာ မြင်ရသလို NUG ဘက်မှာလည်း ဦးအောင်မျိုးမင်းက NUG ကို အသိအမှတ်ပြုဖို့၊ ရွေးကောက်ပွဲကို ပယ်ချဖို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာကျင်းပတဲ့ အာဆီယံအရပ်ဘက်အဖွဲ့အစည်းများ ညီလာခံမှာ တောင်းဆိုချက်တွေ တောင်းနေခဲ့တာ မြင်ရပါတယ်။

NUG ကို ကမ္ဘာကအသိအမှတ်ပြုဖို့ နှစ်နှစ်နီးပါးတောင်းဆိုနေတာကိုတောင် အစိုးရအဖြစ် ဘယ်သူကမှ တရားဝင် အသိအမှတ်ပြုမခံရတာ ဘာကြောင့်ပါလဲ ပြန်သုံးသပ်ပြီး လုပ်ရပ်အမှားတွေကို ပြုပြင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမှားတွေ ဆင်ခြင်ပြင်ဆင်နိုင်မှုအားနည်းတာရဲ့ အကျိုးဆက်ကတော့ ဘယ်နိုင်ငံကမှ NUG ကို တရားဝင်ပြောင်ပြောင်တင်းတင်းထောက်ပံ့ရဲမှုမရှိတာနဲ့ နယူးဇီလန်လို ၂၀၂၁ ဖေဖော်ဝါရီကစပြီး သံခင်းတမန်ခင်းအရ စွန့်ခွာသွားတဲ့နိုင်ငံမျိုးကပါ NUG ကို အသိအမှတ်ပြုဖို့ ပယ်ချပြီး SAC နဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ SAC ကို ပြန်လည်ခယလာတာဟာ NUG ရဲ့ တရားလက်လွတ်လုပ်ဆောင်မှုတွေကနေ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေများလား တွေးစရာ ရက်သတ္တပတ်ပါ။ ဒီလိုရက်သတ္တပတ်မှာ PDF တွေအနေနဲ့ သံဃာတွေ၊ အမျိုးသမီးတွေကို သတ်နေမဲ့အစား ငါ့လာသတ်စမ်းလို့ ရဲရဲဝံ့ဝံ့စိန်ခေါ်လာတဲ့ USDP ဥက္ကဌသစ် ဦးခင်ရီအကြောင်း၊ တာဝန်ထမ်းဆောင်ချိန် သတ်ဖြတ်ခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဂုဏ်ပြုဆုပေးမဲ့အခြေအနေတွေနဲ့ NUG ကို အသိအမှတ်ပြုဖို့ငြင်းပယ်ပြီး SAC ကို ပြန်ဆက်ဆံတော့မဲ့ နယူးဇီလန်နိုင်ငံတို့အကြောင်းတွေကို သုံးသပ်ပေးချင်ပါတယ်။

PDF တွေ ငါ့လာသတ်လို့ စိန်ခေါ်တဲ့ ဦးခင်ရီ

၂၀၂၁ နွေဦးတော်လှန်ရေးကာလမှာ USDP ပါတီဝင် ရာနဲ့ချီကို NUG-PDF တွေက လုပ်ကြံသတ်ဖြတ်ထားပါတယ်။ ဒီလို လုပ်ကြံသတ်ဖြတ်တာတွေကို ကာကွယ်မပေးနိုင်ခဲ့တဲ့ ဦးသန်းဌေးဟာ သူ့ကိုယ်သူတာဝန်ယူပြီး ဥက္ကဌအဖြစ် ဆက်လက်ပါဝင်မလာတော့မဲ့အခြေအနေမှာ ဥက္ကဌသစ်ဖြစ်လာတဲ့ ဦးခင်ရီဟာ ရက်ပိုင်းအတွင်းမှာကို ရွေးကောက်ပွဲအောင်နိုင်ရေး ဆက်တိုက်လှုပ်ရှားနေပြီး သံဃာတော်တွေ အမျိုးသမီးတွေကို သတ်နေမဲ့အစား ငါ့လာသတ်လို့လည်း ထူးထူးခြားခြားစိန်ခေါ်လာပြန်ပါတယ်။

“ကျွန်တော့်ကို သတ်လို့ရတယ်။ ကျွန်တော်က စစ်ဗိုလ်ဟောင်း။ သတ်ချင်တဲ့သူ လာသတ်။ ကျွန်တော်စစ်ဗိုလ်ဟောင်း။ မဟုတ်ဘူးလား။ ကျွန်တော်က ပြည်ခိုင်ဖြိုးပါတီမှာ တာဝန်ရှိတဲ့သူ။ တကယ့်ထောက်တိုင်။ ကျွန်တော့်ကို သတ်လို့ရတယ်။ ကျွန်တော်က အမာခံ။ ဒါပေမဲ့ ဆရာတော်ဘုရားတွေ သတ်လို့မရဘူး။ မကောင်းဘူး။ အမျိုးသမီးတွေ သတ်လို့မရဘူး။ အမျိုးသမီးထဲမှာမှ တချို့က ကိုယ်လေးလက်ဝန်ရှိတဲ့ အမျိုးသမီးတွေသတ်နေကြတယ်။ ဘာမှမဟုတ်တဲ့ ခေါင်းရွက်ဗျတ်ထိုးကလေးတွေ သတ်နေကြတာ ဒါဟာ ပုံစံမကျဘူး။ ဒါတွေကို ဒီနေ့ကျွန်တော်တို့ ရင်ဆိုင်နေရတယ်။ ဒီအတိုင်းပွဲပြီးမလား။ မပြီးဘူး။ လုပ်ကြရမှာပေါ့။ စုပေါင်းအားနဲ့ လုပ်ကြရမှာ။ လုံခြုံရေးတပ်ဖွဲ့ကတော့ တစ်ဦးချင်းကို ဘယ် လုံခြုံရေးပေးနိုင်မလဲ။ ကျွန်တော်တို့လူက ၅၅ သန်းရှိတယ်။ ကျွန်တော်တို့ စီမံချက်တွေ ဆွဲနေတယ်။ တတ်နိုင်သမျှ ကာကွယ်မယ်” လို့ ဦးခင်ရီက ပြောပါတယ်။

ဦးခင်ရီပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ လက်နက်ကိုင်ပြီး မတရားအုပ်ချုပ်တယ်လို့ ခံစားရလို့ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့သူတွေက လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို သူလျှို၊ ဒလန်ဆိုပြီး မုဒိမ်းကျင့် လုယက်သတ်ဖြတ်နေတာဟာ သူတို့မုန်းတီးလို့ တော်လှန်ခဲ့သူတွေလုပ်တာထက် ဆိုးရွားတဲ့ အခြေအနေကို ပြန်ဖန်တီးနေတာ မဟုတ်ပါလား။ သေချာတာကတော့ သံဃာတွေ၊ အမျိုးသမီးတွေကို သတ်ဖြတ်နေလို့ တော်လှန်ရေးအောင်မြင်လာမှာမဟုတ်ဘဲ မြောင်းထဲပဲ ရောက်ဖို့ပါ။ တော်လှန်ရေးဟာ အားလုံးပြည့်စုံနေတယ်ဆိုပြီး ဂုဏ်ယူနေဦးတော့ ဦးနှောက်မပါတဲ့ တော်လှန်ရေးဖြစ်နေရင်တော့ ကျရှုံးမှာပါပဲ။ သတ္တိရှိတယ်ဆိုပြီး လက်နက်ကိုင်မှတော့ လက်နက်ရှိသူချင်းပဲ စိန်ခေါ်တိုက်ပါ။ ဘာ့အတွက် လက်နက်မဲ့ပြည်သူကို သတ်ဖြတ်နေကြတာပါလဲ။

သေမှပေးမဲ့ ဂုဏ်ပြုဆု

နိုင်ငံတော်တာဝန် ထမ်းဆောင်ရင်း ထိခိုက်/ဒဏ်ရာရ၊ သေဆုံး/ ကျဆုံး ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ မိမိအသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနဲ့ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေကို ချီးမြှင့်နိုင်ဖို့ စိစစ် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်တာဝန်ရယူထားသူတွေက ပြောလာပါတယ်။

ဒီအချိန်မှာ အသက်စွန့်ပြီး နိုင်ငံ့အတွက် တာဝန်ထမ်းနေရတဲ့ တာဝန်ကျေပြည်သူ့ဝန်ထမ်းကောင်းတွေဟာ သေမှ ရလာမဲ့ ဂုဏ်ပြုလွှာထက် နိုင်ငံ့ဝန်ထမ်းတွေ မသေဖို့ အကြမ်းဖက်နေတဲ့သူတွေကို အမြစ်ဖြုတ်တိုက်ခိုက်ပေးဖို့ မျှော်လင့်နေကြတာပါ။ ၅၅ သန်းကျော်ရှိတဲ့ ဒီနိုင်ငံတော်ကြီးမှာ လူတစ်ဦးတစ်ယောက်စီတိုင်းကို လိုက်လံကာကွယ်ပေးဖို့ မလွယ်ပေမဲ့ အကြမ်းဖက်လက်နက်ကိုင်အားလုံးပေါင်းလို့မှ တစ်သိန်းမပြည့်တာကိုတော့ ဖိဖိစီးစီးသာ နှိမ်နင်းရင် ရနိုင်တယ်လို့ စုစုပေါင်း ၁၀ သိန်းလောက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေက တွေးဆကြပါတယ်။ သေချာသထက်သေချာတာကတော့ အချိန်နှောင်းမှ ရလာတဲ့ ဂုဏ်ပြုစာရွက်လေးတစ်ရွက် က ပျက်စီးသွားတဲ့ မိသားစုဘ၀တွေ၊ ကျိုးကျေသွားတဲ့ အနာဂတ်တွေကိုတော့ ကုစားပေးနိုင်မှာ မဟုတ်ပါဘူး။

NUG ကို ပယ်ချပြီး SAC နဲ့ ဆက်ဆံတော့မဲ့ နယူးဇီလန်

နယူးဇီလန်နိုင်ငံအစိုးရက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းသူတွေက လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လက်မှတ်စုစုပေါင်း ၅၂၄,၀၃၂ ရရှိခဲ့ပြီး ဒီလက်မှတ်တွေကို နယူးဇီလန်ပါလီမန်ဆီ အခမ်းအနားနဲ့ ၂၀၂၁ ဩဂုတ်လ ၉ ရက်မှာ ပေးအပ်ခဲ့ပေမဲ့ နယူးဇီလန်နိုင်ငံကတော့ NUG အစိုးရကို အသိအမှတ်ပြုဖို့ တောင်းဆိုမှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ ပြတ်ပြတ်သားသားကို ပယ်ချခဲ့ပါတယ်။ NUG ကို အသိအမှတ်ပြုဖို့ ပယ်ချရုံတင်မက မြန်မာနိုင်ငံမှာ သံရုံးပြန်ဖွင့်ပြီး SAC အစိုးရနဲ့ ပြန်ဆက်ဆံဖို့ကိုပါ ဦးစားပေးကိစ္စအဖြစ် လုပ်ဆောင်လာပါတယ်။ ဒါဟာ NUG ဘာမှားခဲ့တာကြောင့် ဖြစ်မယ်ထင်ပါသလဲ။

ဖြစ်နိုင်ချေကတော့ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ အကြမ်းမဖက်တော်လှန်ရေးလို့ စတင်ခဲ့ပေမဲ့ လက်နက်ကိုင်လာပြီးနောက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ သူတို့မိသားစုတွေအပြင် မြန်မာနိုင်ငံမှာ အများအကျိုးအလုပ်ရဆုံး မီးသတ်ဝန်ထမ်းတွေ၊ ရဟန်းတော် ၆၀ ကျော်၊ သီလရှင်တွေ၊ ဆရာဆရာမတွေ၊ ရပ်ကျေးဝန်ထမ်းတွေ၊ NLD မဟုတ်တဲ့ တခြားပါတီဝင်တွေ စတဲ့ လူ ၄၁၀၀ လောက် ကို သူလျှိုဒလန်ဆိုပြီး တရားလက်လွတ်သတ်တာတွေ။ စစ်ဆေးတယ် အမည်တပ်၊ အလှုခံတယ် သုံးနှုန်းပြီး ဆက်ကြေးကောက်တာတွေ ဒီလိုအဆင်ခြင်မဲ့လုပ်ရပ်တွေက အာဏာထိန်းသိမ်းမှုကို မထောက်ခံဘဲ NUG နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်လာတဲ့ နယူးဇီလန်ကို ခြေလှမ်းနောက်ပြန်စေခဲ့တာဖြစ်နိုင်ပါတယ်။ မကျေနပ်လို့ လက်နက်ကိုင်တော်လှန်တာကို ကမ္ဘာက လက်ခံပေမဲ့ လက်နက်ကိုင်ချင်းကြတော့ အတိအလင်း သွားမတိုက်ရဲဘဲ လက်နက်မဲ့သူတွေကို၊ နိုင်ငံ့ဝန်ထမ်းတွေကို သူလျှို၊ ဒလန်ခေါင်းစဉ်တပ် သတ်တာမျိုးကိုတော့ ကမ္ဘာက လက်မခံဘူးဆိုတာ နယူးဇီလန်က NUG ကို အသိအမှတ်မပြုတာနဲ့ အသိတရားရသင့်ပါပြီလို့ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *