၁၈. ၉. ၂၀၂၃
Written by Peya
မြိတ်မြို့နယ်ရှိ ရေပေါ်လွန်းကျင်းဧရိယာတွင် လွန်းတင်ထားသည့် သင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အခင်း ဖြစ်နေရာသို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ပြအနာဂတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်း ၈ နာရီ ၃၅ မိနစ်အချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းရွာ၊ ထူးထူးတိုးရေပေါ်လွန်းကျင်းဧရိယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒေါက်တင်ထားတဲ့ အနေအထားနဲ့ လောင်တာ ဖြစ်ပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းတော့ မသိရသေးပါဘူး။ ဘေးက လူတွေပြောတာကတော့ စက်ခန်းကနေ စ လောင်တယ်လို့ ပြောပါတယ်။ လူထိခိုက်တာတော့ မရှိပါဘူး ခင်ဗျာ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ သင်္ဘောတွင် ကရိန်းလည်း ပါသည့်အတွက် ကုန်တင်သင်္ဘောဟုယူဆရသည့်အနေအထား ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
အဆိုပါ မီးလောင်ရာသို့ သက်ဆိုင်ရာ နယ်မြေမီးသတ်စခန်းက Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကာ နံနက်ပိုင်း ၉ နာရီ ၅ မိနစ်တွင် မီးထိန်းပြီး ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။