၁၈. ၉. ၂၀၂၃
Written by Pan Ei
တောင်ကိုရီးယားနိုင်ငံရဲ့ အဓိကအတိုက်အခံခေါင်းဆောင် Lee Jae Myung ဟာ အစိုးရမူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်ကာ အစာငတ်ခံဆန္ဒပြပြီးနောက် ဒီနေ့ (စက်တင်ဘာ ၁၈ ရက်) မနက်ပိုင်းမှာ ဆေးရုံတင်ခဲ့ရပြီး အစိုးရရှေ့နေတွေကတော့ သူ့ကို အကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေနဲ့အတူ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲဲ့ကြပါတယ်။
ကိုရီးယားဒီမိုကရက်တစ်ပါတီခေါင်းဆောင် Lee Jae Myung ဟာ အစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေ မှားယွင်းမှု၊ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုနဲ့ ဂျပန်က ဖူကူရှီးမားရေဆိုးထုတ်လွှတ်မှုကို ဆန့်ကျင်ဖို့ပျက်ကွက်မှုတို့ကြောင့်လို့ဆိုကာ သြဂုတ် ၃၁ ရက်က စတင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
သမ္မတလောင်းတစ်ဦးဖြစ်ခဲ့တဲ့ Lee Jae Myung ကို ဒီနေ့ နံနက်ပိုင်းက ဆိုးလ်မြို့က အမျိုးသားလွှတ်တော်အဆောက်အဦကနေ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာဖြစ်ပြီး သူဟာ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ မူးဝေခြင်းတို့ကိုလည်း ခံစားခဲ့ရကြောင်း ပါတီရဲ့ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
လက်ရှိ အာဏာရ People Power ပါတီရဲ့ အကြီးအကဲ Kim Gi Hyeon ကတော့ Lee Jae Myung ကို အစာအငတ်ခံ ဆန္ဒပြတာ ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပြီး မူဝါဒရေးရာကိစ္စရပ်တွေအတွက် အတိုက်အခံခေါင်းဆောင်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ Lee Jae Myung ကို ဆေးရုံပို့ဆောင်ပြီး နာရီပိုင်းအကြာမှာပဲ အစိုးရရှေ့နေတွေက သူဟာ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် Lee Jae Myung ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ Lee Jae Myung ဟာ ဆောင်နမ်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ဆောင်နမ်ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းရဲ့ ဝမ်ငွေ ၂၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၅ သန်း) ဆုံးရှုံးမှုအတွက်လည်း သူဟာ တာဝန်ကို ဖောက်ဖျက်တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားတာပါ။
ဒါ့အပြင် မြောက်ကိုရီယားကို တရားမဝင်ငွေ အမေရိကန်ဒေါ်လာ ၈ သန်းကျော်လွှဲပြောင်းခဲ့တယ်လို့ သံသယရှိတဲ့ ကုမ္ပဏီတစ်ခုနဲ့လည်း Lee Jae Myung က လာဘ်ပေးလာဘ်ယူမှုရှိခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။
Lee Jae Myung ဟာ ၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ အစိုးရရှေ့နေချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ Yoon Suk Yeol ကို ၀ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
Ref; Reuter