၁၈. ၉. ၂၀၂၃
Written by Nyein Kyaw
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းတွင်းအူများထွက်ကာ ရေနစ်သေဆုံးခဲ့သည့် အမျိုးသမီးရုပ်အလောင်း တစ်လောင်းတွေ့ရှိခဲ့ပြီး ၎င်း၏ မိသားစုဝင်များကိုလည်း ယခုအချိန်အထိ ဆက်သွယ်မှုမရရှိသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် နေ့လည် ၃ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြိုနယ် နတ်ဆိပ်ကျေးရွာအနီး၌ ရေနစ်မြုပ် သေဆုံးနေသော အမည်မသိအမျိုးသမီးအလောင်းတစ် လောင်းတွေ့ရှိခဲ့သဖြင့် ရုပ်အလောင်းအား ကူညီဆယ်ယူကာ နတ်ဆိပ်ကျေးရွာရှိတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရုပ်အလောင်းအား နတ်ဆိပ်ကျေးရွာ သုသာန်သို့ ပိုဆောင်ပေးခဲ့ကြောင်း ပုဏ္ဏားကျွန်းမြိုနယ်ဖွံဖြိုးတိုး တက်ရေးလူငယ်အသင်း (PDYO) မှ သိရသည်။
သေဆုံးအမျိုးသမီးရုပ်အလောင်းသည် ဝမ်းတွင်းအူများ အပြင်သို့ထွက်ရှိနေပြီး သေဆုံးသည့် ရက်ကြာမြင့်ခြင်းကြောင့်ဖြစ်ခဲ့ခြင်းလား၊ အခြားအကြောင်းအရင်းများကြောင့် ဖြစ်ခဲ့ခြင်းလားဆိုသည်ကို အသေးစိတ်မသိရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် PDYO အသင်းမှ သိရသည်။
“အခြားဘာမှတော့မကြားဘူး။ အူတွေဘာတွေထွက်တာကတော့ ရက်ကြာရှည်နေလို့ ဖြစ်တာလားပေါ့နော်။ အဲဒီအပိုင်းကိုတော့ သေချာတော့ မပြောနိုင်သေးဘူး။ သူနဲ့ပတ်သက်တဲ့ မိသားစုတွေကိုလည်း အခုထိမသိရသေးဘူး။ အလောင်းကတော့ သင်္ဂြိုလ်ပြီးပြီ” ဟု PDYO အသင်းမှ တာဝန်ရှိသူက ပြောသည်။