October 18, 2024

၁၇. ၉. ၂၀၂၃
Written by Pan Ei

နာမည်ကြီး တောင်ကိုရီးယား အမျိုးသားအဆိုရှင်အဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Suga ဟာ အခုအပတ်အတွင်းမှာ စစ်မှုထမ်းတော့မှာ ဖြစ်တယ်လို့ အဖွဲ့ရဲ့အေဂျင်စီ BigHit Music က တနင်္ဂနွေနေ့က တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Suga ဟာ စစ်မှုထမ်းခြင်းကို လာမယ့် သောကြာနေ့ (စက်တင်ဘာလ ၂၂ ရက်) မှာ စတင်တော့မှာဖြစ်ပြီး သူ လေ့ကျင့်ရေးစခန်းကို ဝင်ရောက်တဲ့နေ့မှာ ပွဲတွေကျင်းပသွားမှာမဟုတ်ဘူးလို့ BigHit က ပြောကြားခဲ့သလို Suga စစ်မှုထမ်းနေချိန်ကာလအတွင်း သူ့ရဲ့အလုပ်ခွင်ကို လာရောက်လည်ပတ်တာတွေ ရှောင်ကြဉ်ပေးကြဖို့လည်း ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။

Suga ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက စစ်မှုထမ်းတာဝန်စတင်ထမ်းဆောင်ခဲ့တဲ့ BTS အဖွဲ့ဝင် Jin နဲ့ အခုနှစ် ဧပြီလမှာ တာဝန်စတင်ထမ်းဆောင်ခဲ့တဲ့ BTS အဖွဲ့ဝင် J-Hope ပြီးနောက် စစ်မှုထမ်းရမယ့် တတိယမြောက် BTS အဖွဲ့ဝင် ဖြစ်ပါတယ်။

Suga ရဲ့ပခုံးဒဏ်ရာကြောင့် လူမှုဝန်ဆောင်မှုအေးဂျင့်ဖြစ်လာမယ်လို့ ထင်ကြေးပေးမှုတွေရှိနေပေမဲ့ ဘယ်ဌာနမှာ တာဝန်ထမ်းဆောင်မလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

တောင်ကိုရီးယားနိုင်ငံက အသက် ၁၈ နှစ်ကနေ ၂၈ နှစ်ကြား ကျန်းမာတဲ့အမျိုးသားအားလုံးဟာ နိုင်ငံရဲ့စစ်မှုထမ်းခြင်းစနစ်အောက်မှာ ၁၈ လကနေ ၂၁ လအထိ စစ်မှုထမ်းဖို့ ဥပဒေအရ လိုအပ်ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *