၁၈. ၉. ၂၀၂၃
Written by Peya
မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားအချင်းချင်း အရက်စုသောက်ရာက လူသတ်မှုဖြစ်ရာ ကျူးလွန်သည်ဟု ယူဆရသူ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်နေပြီး သေဆုံးသူ၏ ဇနီးနှင့် အခြားမြန်မာတစ်ဦး အဖမ်းခံထားရကြောင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ လူသတ်မှုမှာ မလေးရှားနိုင်ငံ ပူချွန်းမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ လာရောက်အလုပ်လုပ်သူ ကိုမြသာအေး၏ အိမ်တွင် စက်တင်ဘာလ ၅ ရက်က စတင်ကာ အိမ်ရှင်အပါအဝင် မြန်မာနိုင်ငံသား ၄ ယောက်က အရက်ဝိုင်းသောက်ကြခြင်း ဖြစ်ပြီး စက်တင်ဘာလ ၆ ရက် နေ့လယ်ပိုင်းအထိ အရက်ဆက်သောက်ခဲ့ရာမှ စကားများပြီးနောက် ဝိုင်းထဲရှိ လူ ၂ ဦးက ဓားဖြင့်ထိုးသည့်အတွက် အိမ်ရှင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အရက်အတူသောက်တဲ့ နောက်တစ်ယောက်က မလေးရှားမှာပဲ ရှိတဲ့ သူ့မိန်းမဆီ ဆက်သွယ်တယ်။ သူ့မိန်းမက အလုပ်ဆင်းနေတဲ့အတွက်ကြောင့် ဖုန်းမကိုင်ဖြစ်ဘူး။ ညနေ ပြန်ရောက်တော့ အိမ်မှာ ရဲတွေ ရောက်နေတာ တွေ့ရတယ်။ မိန်းမကို ပထမက အမှုစစ်ဖို့ ခေါ်သွားတာမှာ မိန်းမက တရားဝင်နေထိုင်တဲ့ အထောက်အထားလည်း မရှိသလို ဖြစ်စဉ်မဖြစ်ခင်မှာ ဆက်သွယ်ထားတဲ့ ဖုန်းနံပါတ်တွေလည်း တွေ့လို့ မလေးရှားတရားရုံးက ဘယ်လို စွဲမလဲ မသိဘူး။ သူ့ကိုတော့ လောလောဆယ် ဆိုင်ဘာဂျာယာ ခေါ်တဲ့ ရဲစခန်းမှာ ဖမ်းထားတယ်” ဟု ၄င်းက ဆိုသည်။
ထို့အပြင် တစ်ရပ်ကွက်တည်းနေသူ မြန်မာနိုင်ငံသားတစ်ဦးမှာလည်း အဆိုပါအမှုအတွက် ဖမ်းဆီးခံထားရသော်လည်း လူသတ်မှု ကျူးလွန်သူ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေကာ အလောင်းကိုမူ ယခုထက်တိုင် မသင်္ဂြိုလ်နိုင်သေးဘဲ မြန်မာနိုင်ငံက မိသားစုကိုမူ ဆက်သွယ်နိုင်ပြီ ဖြစ်ကြောင်း၊ ယခုအခါ အခင်းဖြစ်သူ နေထိုင်ရာရပ်ကွက်အတွင်းက မြန်မာနိုင်ငံသားများကလည်း နာရေးကိစ္စကို ပြီးစီးလိုနေပြီး ကျန်သည့် မသက်ဆိုင်သူ မြန်မာနိုင်ငံသားများကို ထပ်မံ ဖမ်းဆီးလာမည့်အရေးကို စိုးရိမ်နေကြကြောင်း ၎င်းက ဆိုသည်။
“အဓိကတော့ အရက်သောက်ပြီး ဖြစ်ကြတာပါ။ ကျူးလွန်သူ နှစ်ယောက်ကို အခုထက်တိုင် မမိသေးဘူး။ ထိုင်းဘက်ကူးသွားတယ် ထင်ပါတယ်။ ဒီဘက်မှာက အဲ့ဒီလို ကူးဖို့လည်း လွယ်တယ်။ ထိုင်းဘက်မှာ ရှောင်နေတယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဆိုသည်။