October 15, 2024

ရေနစ်သေဆုံးခဲ့သူကွန်ပျူတာဆရာကိုနေထိန်ဝင်းမကွယ်လွန်မီပုံရိပ်(Photo- Nay Htin Worn Fb)

၁၆. ၉. ၂၀၂၃
Written by Peya

မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့် အသက် ၂၈ နှစ်အရွယ် ကွန်ပျူတာဆရာသည် စက်တင်ဘာလ ၁၅ ရက်က ရေနစ်သေဆုံးခဲ့ကြောင်း MT News သတင်းဌာနမှ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

သေဆုံးသူမှာ ကိုနေထိန်ဝင်းဖြစ်ကာ ၂၀၂၁ ခုနှစ် မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သူ ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာ ဇာတိ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျောက်တော်မြို့နယ်၊ ပြိုင်ချောင်းကျေးရွာတွင် ကွန်ပျူတာသင်တန်းပြသနေသူဖြစ်ပြီး အဆိုပါ ကျေးရွာ၏ ချောင်း၌ အပေါင်းအသင်းများနှင့် ရေကူးစဉ် မျောပါ နစ်မြုပ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ ရန်ကုန်ပညာရေး တက္ကသိုလ်ကနေ B.Ed ဘွဲ့ရထားတဲ့ လူငယ်တစ်ယောက်ပါ။ ပညာရေးဝန်ထမ်းလုပ်ပြီးတော့မှ ထွက်လိုက်တာ။ ဖြစ်စဉ်ကို သိရတာက ရေစီးသန်နေတော့ မျောပါသွားတာမှာ မမီလိုက်ဘဲ သေဆုံးသွားတာဖြစ်ပါတယ်။ လူငယ်တစ်ယောက်လည်း ဖြစ်၊ ရခိုင်ပြည်ရဲ့ လူငယ်ပညာတတ် တစ်ယောက်လည်း ဖြစ်လို့ ဝမ်းနည်းရတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ကိုနေထိန်ဝင်း၏ရုပ်အလောင်းကို ဇာတိရွာသို့ ပြန်သယ်ထားကာ ယနေ့တွင် သင်္ဂြိုလ်သွားမည်ဟုလည်း သိရသည်။

“ရခိုင်ပြည်ပညာရေးအတွက် တစ်ထောင့်တစ်နေရာက စွမ်းနိုင်သမျှ ဝင်ကူနေတဲ့ လူတော်ဆရာလေး။ တခြားသူ တချို့လို လုပ်လည်းလုပ် ကြွားလည်း ကြွား မဟုတ်၊ ကိုယ်ကျိုးအတွက် ကြည့်တတ်သူ မဟုတ်၊ အလုပ်နဲ့ သက်သေပြပြီး ဟိတ်ဟန်မထုတ်၊ အကြွားမသန်၊ ရိုးရိုးကျင့် မြင့်မြင့်ကြံနေတဲ့ လူတော်ဆရာလေး” ဟု ကိုနေထိန်ဝင်း၏ ဆရာတစ်ဦးက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် အကောင့်တွင် ရခိုင်ဘာသာဖြင့် ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *