October 15, 2024

၁၅. ၉. ၂၀၂၃

Written by Peya

NCA ကို အခြေခံကာ ပြည်သူအကျိုးကို ရှေးရှုပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့တွင် ထွက်ပေါ်လာသည့် KNU တပ်မဟာ(၇)ဥက္ကဋ္ဌ ပဒို စောအောင်မော်ဧ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA စာချုပ်ကို ချုပ်ဆိုနိုင်ရန်နှင့် NCA စာချုပ် ခိုင်ခိုင်မာမာ သက်ဝင်ချုပ်ဆိုထားနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ အသိသက်သေများ ရှေ့တွင် ချုပ်ဆိုထားသော စာချုပ်တစ်ရပ်လည်း ဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

KNU (ကရင်အမျိုးသား အစည်းအရုံး)နှင့် အစိုးရကြား ဆန့်ကျင်တိုက်ခိုက်လာရသည့် အကြောင်းအရင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေမရှာဘဲ စစ်ရေးနည်းဖြင့် အဖြေရှာလာခြင်းမှ ဖြစ်ပေါ်လာရသော ပြဿနာကြီးကြောင့် နှစ် ၇၀ ခန့် စစ်ပွဲအတွေ့အကြုံကို အခြေခံ၍ အဖြေရှာခဲ့ရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံ အဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်သည့် ဆုံးဖြတ်ချက်တစ်ရပ် ရရှိလာသည့်အပေါ် KNU ကွန်ဂရက်က တိုက်ခိုက်မှု ရပ်စဲရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း ရေးသားထားသည်။

KNU(ကရင်အမျိုးသားအစည်းအရုံး)မှ မိမိတို့ နိုင်ငံရေး ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး သဘောတရားများအား NCA စာချုပ်တွင် အခြေခံအားဖြင့် ထားရှိနိုင်ရေး ထည့်သွင်းထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တပ်မဟာ (၇) ဘားအံခရိုင်အနေဖြင့် NCA စာချုပ်ကို KNU မှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန် ကြေညာခြင်း မရှိသည့်အပြင် နယ်မြေဒေသတည်ငြိမ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် NCA ကို အခြေခံလျက် ပြည်သူ့အကျိုးကို ရှေးရှု၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာလာနိုင်ကြရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ဖော်ပြသည်ဟု စာတွင် ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *