October 14, 2024

ယနေ့တွင် ပြည်တွင်းစက်သုံးဆီဆိုင်များတွင် ဖော်ပြထားသည့် ဆီဈေးနှုန်းများကို တွေ့ရစဉ်။

စက်သုံးဆီဈေးကြီးမြင့်မှုကြောင့် ပြည်သူများ စားသောက်ကုန်နှင့် သွားလာရေးစရိတ် ပို၍ကုန်ကျနေ

၁၆. ၉. ၂၀၂၃
Written by Ye Kyaw

ကမ္ဘာ့ရေနံဈေး ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေး ထပ်မံမြင့်တက်ခဲ့ပြီး ယနေ့တွင် ဓာတ်ဆီ တစ်လီတာ ကျပ် ၂,၆၀၀ ခန့်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၂,၇၀၀ ကျော်သို့ ရောက်ရှိခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်တွင် ကမ္ဘာ့ရေနံဈေး (WTI) သည် တစ်စည်လျှင် ၇၉ ဒေါ်လာ ဝန်းကျင်သာရှိခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်း ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၆ ရက်(ယနေ့)တွင် တစ်စည်လျှင် ၉၀ ဒသမ ၇၇ ဒေါ်လာသို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ တစ်လအတွင်း ကမ္ဘာ့ရေနံဈေးနှုန်း ၁၅ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာခဲ့သည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း စက်တင်ဘာလ ၁၆ ရက် (ယနေ့)တွင် ပရီမီယံဒီဇယ် တစ်လီတာ ၂,၇၂၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ကျပ် ၂,၆၅၀ ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၅၆၅ ကျပ်၊ ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၄၄၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြည်တွင်းစက်သုံးဆီးဈေးနှုန်းများသည် ပြီးခဲ့သည့် ဩဂုတ်လဆန်းနှင့် နှိုင်းယှဉ်ပါက ပရီမီယံဒီဇယ်နှင့် ရိုးရိုးဒီဇယ်တို့သည် တစ်လီတာ ကျပ် ၂၅၀ မြင့်တက်ခဲ့ပြီး ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၃၂၅ ကျပ်နှင့် ဓာတ်ဆီ ၉၂ တစ်လီတာ ၃၁၅ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ တစ်လခွဲအတွင်း ဒီဇယ်ဈေးနှုန်း ၁၀ ရာခိုင်နှုန်းကျော်နှင့် ဓာတ်ဆီဈေးနှုန်း ၁၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည့်အတွက် ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်လာခဲ့သည့် ရာခိုင်နှုန်းအချိုးအတိုင်း ပြည်တွင်းစက်သုံးဈေး လိုက်ပါမြင့်တက်နေခြင်းကို တွေ့ရသည်။

ပြည်တွင်းစက်သုံးဆီဈေးများ မြင့်တက်နေမှုအခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများသို့ MT News သတင်းဌာနမှ မေးမြန်းခဲ့ရာတွင် “စက်သုံးဆီဈေးနှုန်းအားနေ့စဉ် Mops ဈေးပေါ်အခြေခံ၍ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တွက်ချက်ရရှိမှုအပေါ် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်သတင်းစာများတွင် ထုတ်ပြန်ပေးလျက်ရှိပါသည်။ စက်သုံးဆီဈေးနှုန်းအတက်အကျသည် ကမ္ဘာ့ရေနံဈေး Mops ဈေးတို့အပေါ်တွင်မူတည်၍ အတက်အကျရှိပါမည်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ဒီဇယ်ဈေးနှုန်းသာ သိသိသာမြင့်တက်ခဲ့သော်လည်း ဓာတ်ဆီဈေးနှုန်းသည် အနည်းငယ်သာမြင့်တက်မှုရှိခဲ့သည်။ ယနေ့တွင် ပြည်သူများ နေ့စဉ်သွားလာမှုတွင် မရှိမဖြစ်အသုံးပြုနေသည့် ဓာတ်ဆီဈေးနှုန်းများပါ သိသိသာမြင့်တက်လာမှုကြောင့် ပြည်သူများအနေဖြင့် လိုရာခရီးသွားလာရေးအတွက် ကုန်ကျစရိတ်များပိုမိုသုံးစွဲလာရပြီဖြစ်သည်။

“အရင်က သင်္ဃန်းကျွန်းကနေ လှည်းတန်းကို ၆,၀၀၀ လောက်နဲ့ လိုက်နိုင်တယ်။ အခုက ၈,၀၀၀ လောက်မှရမယ်။ အရင်ဈေးမရတော့ဘူး။ ဆီဈေးလည်း သွားကြည့်လိုက်ဦး ဓာတ်ဆီ ၉၂ တောင် ၂,၅၀၀ နားရောက်တော့မယ်။ အခုက ခရီးသည်က ဈေးများလို့ လက်ခါနဲ့ တက္ကစီတွေကလည်း ဈေးနည်းလို့ လက်ခါပြ ဒီလိုနဲ့ တိုင်ပတ်နေတာ။ ဈေးပိုတောင်းလို့လည်း အစ်ကိုတို့ ဝင်ငွေတိုးရသွားတာမဟုတ်ဘူး။ ဆီဖိုးထဲမှာပလုံသွားတာ” ဟု ယနေ့ မနက်ပိုင်း သင်္ဃန်းကျွန်းမှ လှည်းတန်းသို့ ခရီးသည်လိုက်ပို့သည့် တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

အခြားသောတစ်ဖက်တွင်လည်း ဒေါ်လာဈေးနှုန်းကျဆင်းလာသော်လည်း စက်သုံးဆီဈေးကြီးမြင့်နေမှုကြောင့် ပြည်ပမှ သွင်းကုန်ပစ္စည်းများ ဈေးနှုန်းကျသင့်သလောက် ပြန်မကျလာသဖြင့် ပြည်သူများ နေထိုင်စားသောက်စရိတ်များ ပိုမိုသုံးစွဲနေရဆဲဖြစ်သည်။

“ကားခတွေက လက်ရှိမှာ လုံးဝမကျသေးဘူး။ အဓိကတော့ ဆီဈေးနှုန်းလည်းမြင့်နေတယ်။ လမ်းစရိတ်ကလည်း ပုံမှန်ထက်ကို ကြန့်ကြာမှုတွေရှိတော့ ကုန်ကျစရိတ်က လမ်းမှာပဲများနေတာပေါ့။ ဒေါ်လာဈေးကျတဲ့ဟာကျတော့ ဟိုဘက်ကကုန်စည်ဝယ်ယူတဲ့ပိုင်းမှာ ဈေးကျတယ်။ အခြားသော သယ်ယူပို့ဆောင်ရေးအပိုင်းမှာ ပြောင်းလဲမှုမရှိဘူး။ တစ်ဖက်နဲ့ငွေချေရတဲ့အနေအထားမှာ ဟိုဘက်မှာလှမ်းဝယ်ရတဲ့ဟာကတော့ ကျသွားတဲ့အတိုင်းအတာလေးတွေရှိတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ သက်ရောက်မှုတော့ မရှိသေးဘူးပေါ့နော်” ဟု မြဝတီနယ်စပ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံဈေး (WTI) တစ်စည်ဈေးနှုန်းသည် စက်တင်ဘာလ ၁၁ ရက်တွင် ၈၇ ဒသမ ၂၉ ဒေါ်လာ၊ စက်တင်ဘာလ ၁၂ ရက်တွင် ၈၈ ဒသမ ၈၄ ဒေါ်လာ၊ စက်တင်ဘာလ ၁၃ ရက်တွင် ၈၈ ဒသမ ၅၂ ‌ဒေါ်လာ၊ စက်တင်ဘာလ ၁၄ ရက်တွင် ၉၀ ဒသမ ၁၆ ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *