October 14, 2024

၁၆. ၉. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားနိုင်ငံသို့ ရောက်ရှိနေသော မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကို ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဆာဂျီ ရှိုဂူက ရုရှားထုတ် အသံထက်ငါးဆမြန်သော ကင်ဇယ်(Kinzhal) ဒုံးကျည်များနှင့် မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များကို စက်တင်ဘာလ ၁၆ ရက်တွင် လိုက်လံ ပြသခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ၏ အရှေ့ပိုင်းရှိ ပရီမောစကီး ဒေသသို့ ရောက်ရှိလာသော ကင်ဂျုံအန်းကို ရှိုဂူက ရုရှား၏နာမည်ကျော်မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်သုံးစီးဖြစ်သော Tu-160, Tu-95 နှင့် Tu-22M3 တို့အား လိုက်လံပြသခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၅ ရက်ကလည်း အနောက်အုပ်စုက ပိတ်ဆို့မှုများပြုထားသော ရုရှားဂျက်တိုက်လေယာဉ်စက်ရုံတစ်ခုအား သွားရောက်ကြည့်ရှုခဲ့သေးသည်။ ထို့ကြောင့်လည်း ကင်ဂျုံအန်း၏ ရုရှားနိုင်ငံခရီးစဉ်က ယူကရိန်းနိုင်ငံအတွင်း ရုရှား၏တပ်အင်အားကို အခိုင်အမာဖြစ်စေရုံမက မြောက်ကိုရီးယား၏ ဒုံးပျံအစီအစဉ်ကိုလည်း အထောက်အကူဖြစ်စေလိမ့်မည်ဟု အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအဖို့ ပို၍စိုးရိမ်ဖွယ်ဖြစ်လာခဲ့ကြရသည်။

ရုရှားသမ္မတ ပူတင်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ယူကရိန်းစစ်ပွဲနှင့်စစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကဲ့သို့ စစ်ဖက်ဆိုင်ရာကိစ္စများကို စက်တင်ဘာလ ၁၃ ရက်က ခေါင်းဆောင်နှစ်ဦးတွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြသေးကြောင်း ပြောခဲ့သည်။

သမ္မတ ပူတင် က “ဘာကိုမှ ချိုးဖောက်မှုတွေ လုပ်ဖို့မရှိပါဘူး။ ဒါပေမယ့် ရုရှားနဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်မှုကိုထိန်းသိမ်းသွားမှာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူကလည်း ကင်ဂျုံအန်း၏ ခရီးစဉ်အတွင်း စစ်ဖက်ဆိုင်ရာကိစ္စများ (သို့မဟုတ်) အခြားအရေးကြီးထိပ်တန်းအကြောင်းအရာတစ်ခုခုကို လက်မှတ်ထိုးခဲ့ခြင်းမရှိဟု ပြောခဲ့သည်။

Ref—–The Times of India

Leave a Reply

Your email address will not be published. Required fields are marked *