October 14, 2024

၁၆. ၉. ၂၀၂၃
Written by Nay Aung

ထိုင်းအစိုးရအဖွဲ့အသစ်အနေဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအဖွဲ့၏ အာဆီယံသဘောတူညီချက်ငါးချက်လုပ်ငန်းစဉ်များအတိုင်း လိုက်နာလုပ်ဆောင်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်အသစ်ဖြစ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်လည်းဖြစ်သော Panpree Phahitanukorn က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Prachatai သတင်းဌာနတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့နိုင်ငံရေးအခြေအနေများက ပြည်တွင်းရေးကိစ္စသာဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ဥပဒေလုပ်ငန်းစဉ်များ Burmese legal process အတိုင်းသာ ဖြေရှင်းသင့်ကြောင်း၊ မြန်မာ့နိုင်ငံရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် မြန်မာကိုယ်တိုင် စီမံခန့်ခွဲရမည်ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးအသစ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် သက်ရောက်မှုများဒဏ်ကို တွေ့ကြုံခံစားခဲ့ရကြောင်း၊ နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သည့် မှောင်ခိုလုပ်ငန်းများ၊ မူးယစ်ဆေးဝါးပြဿနာများကိုတွေ့ကြုံခဲ့ရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထိုင်းနှင့် မြန်မာနယ်စပ်ဒေတွင်ဖြစ်ပွားခဲ့သော ကိစ္စများကို ထိုင်းအစိုးရနှင့် မြန်မာအစိုးရကြား ဆွေးနွေးသွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုများ ပြန်လည်ရရှိစေရန်ကူညီပေးမည်ဖြစ်သလို အာဆီယံအဖွဲ့ နှင့်လည်း တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်က ထပ်မံပြောဆိုထားသည်။

မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများကို လက်ရှိအချိန်တွင် အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်ဖွယ်ရှိနေပြီး တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် မလိုအပ်သေးကြောင်း၊ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုကို ဖြေရှင်းမည်ဆိုလျှင် ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရတာဝန်ရှိသူများနှင့်မဆွေးနွေးခင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် ပထမဆုံးတိုင်ပင်သွားမည်ဖြစ်ကြောင်း ပြောသည်။

ထို့အတူ နယ်စပ်ဖြတ်ကျော်လုပ်ဆောင်နေသော မူးယစ်ဆေးဝါး မှောင်ခိုပြဿနာများကဲ့သို့သော နိုင်ငံတကာရေးရာကိစ္စများနှင့်ပတ်သက်ပြီး ထိုင်းနှင့် မြန်မာအစိုးရအဆင့်မြင့်အရာရှိကြီးများကြား တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

Ref;/prachatai

Leave a Reply

Your email address will not be published. Required fields are marked *