October 14, 2024

၁၆. ၉. ၂၀၂၃
Written by Nay Moe

ရဲအုပ်ဇနီးမောင်နှံကို PDF အဖွဲ့က သ-တ်ဖြတ်ပြီး ကားကိုပါလုယက်သွားသော သလွန်ဖြူရွာတစ်ဝိုက် စစ်ကြောင်းထိုးခံနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့က ဒုရဲအုပ် သန်းမင်းစိုးနဲ့ ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းတို့ဟာ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ သူတို့ဇနီးမောင်နှံနဲ့အတူ အသက် ၉ နှစ်အရွယ် သမီးငယ်နဲ့ အသက် ၂ နှစ်အရွယ် သားငယ်တို့ကို ခေါ်ဆောင်ပြီး Honda Fit ခဲရောင်မော်တော်ယာဉ်နဲ့ စစ်ကိုင်းမြို့ အနောက်ဘက် ၇ မိုင်ခန့် အကွာ၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၊ ရွှေဘုံသာဘုန်းကြီး ကျောင်းအနီး ကားရပ်ထားပြီး ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းရဲ့ မိခင်ကို ကန်တော့ပြီးအပြန်မှာ PDF ၁၀ ဦးလောက်က လက်နက်ငယ်နဲ့ပစ်တာကြောင့် ဒုရဲအုပ်သန်းမင်းစိုး သေဆုံးတဲ့အပြင် သားငယ်ဖြစ်သူပါ တင်ပါးကျည်ထိဒဏ်ရာရခဲ့တာပါ။ ဒါ့အပြင် ပစ်ခတ်တဲ့ PDF တွေက ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းကို ဖမ်းခေါ်သွားပြီးမှ အလောင်းလာပြန်ထားပြီး ကားကိုလုယက်သွားခဲ့မှု ဖြစ်ခဲ့တာပါ။

ဒီဖြစ်စဥ်ဖြစ်ပြီးတဲ့နောက်မှာ လုံခြုံရေးတပ်ဖွဲ့က သလွန်ဖြူရွာကို စက်တင်ဘာ ၁၅ ရက်မှာ ဝင်ရောက်ရှင်းလင်းရာ PDF အဖွဲ့ဝင်တွေလို့ ယူဆရတဲ့ ဝေဖြိုးနဲ့ ချမ်းသာ(ခ) ချစ်သူရဲ့ နေအိမ်တွေကနေ ZYMA တံဆိပ်ပါ ဒရုန်း ၁ စီးနဲ့ ပွိုင့် ၂၂ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၃ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

“စက်တင်ဘာ ၁၅ ရက် နေ့လည် ၂ နာရီကျော်အချိန်မှာ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ ကားတွေနဲ့ ထွက်လာတဲ့တပ်ဖွဲ့က စစ်ကိုင်းမြို့နယ်၊ ငါးထပ်ကြီး အနောက်တာထဲကို ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ ငါးထပ်ကြီးဘုရားတစ်ဝိုက်ကိုလည်း စီးနင်းရှာဖွေခဲ့ပြီး လင်းသီရိ လက်ဖက်ရည်ဆိုင်ထိုင်နေသူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားပါတယ်။ သလွန်ဖြူရွာကို စီးနင်းရှာဖွေခဲ့သလို ညအိပ်တပ်စွဲခဲ့ပြီး ပြည်သူတွေကို အနောက်တာထဲက ထွက်မရအောင် ညောင်ကုန်းရွာ အနောက်ဘက်ကနေပိတ်ဆို့ထားတယ်လို့ ကနဦးသိရပါတယ်”လို့လည်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

သလွန်ဖြူရွာနဲ့ ပတ်ပတ်လည်ကို စစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်ရော ဒရုန်းတွေ လက်နက်တွေ မိသွားပြီး PDF နဲ့ ဆက်နွှယ်နေသူတချို့ကိုပါ ဖမ်းဆီးသွားတာကြောင့် PDF နဲ့ တပ်ကြားမှာ ရွာအထိနာမှ ာကြောက်တာရော တိုက်ပွဲဖြစ်ချိန် ကြားကနေကျည်သင့်မှာ စိုးရိမ်တာရောကြောင့် ဒေသခံပြည်သူတွေက ရွာထဲမှာမနေရဲကြဘဲ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။

“နှစ်ဖက်ပစ်ကြခတ်ကြရင် ကျည်ထိမှာကြောက်တာပေါ့။ မနေ့ညကဆို အဲဒီလိုပစ်ကြခတ်ကြရင် အချိန်မီရှောင်နိုင်အောင် အိမ်ကလူတွေ တစ်ယောက်တစ်လှည့်စောင့်အိပ်ကြရတယ်။ အခုမနက်တော့ စစ်ကိုင်းက အမျိုးအိမ် ယာယီလာနေရတယ်။ အိမ်ကိုထားခဲ့ရတော့လည်း မသမာသူဖောက်ထွင်းမှာ၊ နှစ်ဖက်တိုက်ပွဲဖြစ်သွားလို့ မီးလောင်တာမျိုးဖြစ်သွားရင် ဘယ်သူ့ကြောင့်ဖြစ်မှန်းမသိ ကိုယ်ပဲဆုံးရှုံးရမှာ စိုးရိမ်ရပြန်ရော” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *