October 14, 2024

အတွေ့ကြုံမရှိသူ လူငယ်များအတွက် အလုပ်နေရာပါဝင်မှုနည်းပါးဟု လာရောက်လျှောက်ထားသူများ ပြော

၁၆. ၉. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးနေချိန်တွင် JobNet Myanmar က ဦးဆောင်၍ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀ ကျော် အလုပ်ခန့်ပေးနိုင်သော ကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်ပြသခဲ့သည့် JOBNATION အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ရန်ကုန်မြို့ရှိ Novotel Hotel ၌ ယ‌နေ့ ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် အလုပ်ရှာဖွေနေသူများ တိုက်ရိုက်အလုပ်လျှောက်နိုင်ရန် ကုမ္ပဏီပေါင်း ၃၀ ကျော်မှ ပြခန်းပေါင်း ၃၀ ကျော်ဖြင့် စက်တင်ဘာလ ၁၆ ရက်(ယနေ့) မနက် ၉ နာရီမှ နေ့လည် ၂ နာရီအထိ ရန်ကုန်မြို့ရှိ Novotel Hotel ၌ ပြုလုပ်မည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-09-16_11-58-52-1024x768.jpg

“ဒီထဲမှာ ကုမ္ပဏီပေါင်း ၃၀ ကျော်နဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်းလည်း ၅၀၀ ကျော်ရှိတယ်။ လျှောက်ထားသူတွေအနေနဲ့က အချက်အလက်လေးတွေ ပြည့်စုံတဲ့ CV လေးရှိရမယ်ပေါ့။ ပြခန်းပေါင်း ၃၀ ကျော် ပြသထားတယ်။ အဲဒီမှာ QR Scan ဖတ်လိုက်တာနဲ့ လိုအပ်တဲ့ အလုပ်နေရာတွေကျလာမှာ ဒီထဲကမှ ကိုယ်နဲ့သင့်တော်တဲ့ အလုပ်၊ ရာထူးကို တစ်ခါတည်းလျှောက်သွားလို့ရတယ်” ဟု JobNet Myanmar မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါပြပွဲသို့ အခြေခံအလုပ်အကိုင်များနှင့် လုပ်ငန်းအတွေ့အကြုံမရှိသေးသည့် ရန်ကုန်မြို့တွင် နေထိုင်သူလူငယ်များက အများဆုံးလာရောက်လေ့လာ၍ အလုပ်လျှောက်ထားနေမှုကို တွေ့ခဲ့ရပြီး အလုပ်အကိုင်ပြပွဲတွင်မူ လုပ်ငန်းအတွေ့ကြုံရှိသူနှင့် ရာထူးကြီးအလုပ်နေရာများအတွက်သာ ပို၍များနေသည့်အတွက် လာရောက်အလုပ်လျှောက်ထားသူ လူငယ်များ အခက်အခဲများရှိခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-16_11-58-54-1024x768.jpg

“ကျွန်တော်က ဝန်ဆောင်မှုရယ်၊ Marketing အရောင်းပိုင်းအတွက် လာရှာတာပေါ့။ ဒီမှာက တော်တော်မြင့်တယ်။ QR Code ဖတ်လိုက်တိုင်း မန်နေဂျာအဆင့်တွေ၊ လုပ်သက်ဘယ်လောက်ပေါ့နော်။ အဲဒီလိုအမြင့်တွေများတော့ နည်းနည်းရွေးရတာပေါ့။ ကိုယ်ကြိုက်တဲ့အလုပ်ကျ လိုချင်တဲ့အနေအထားမရ ဒီလိုမျိုးလေးတွေတော့ကြုံရတယ်” ဟု သာကေတမြို့နယ်မှ အလုပ်လာလျှောက်သူ အသက် ၂၀ ကျော်အရွယ် မျိုးသားတစ်ဦးက ပြောသည်။

JobNet Myanmar အနေဖြင့် လာမည့် နိုဝင်ဘာလတွင် မန္တလေးမြို့၌ အလုပ်အကိုင်ပြပွဲ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်မြို့၌ ၂၀၂၄ ခုနှစ် မတ်လတွင်လည်း ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် JobNet Myanmar ဝက်ဘ်ဆိုတ်အား ပြည်တွင်းပြည်ပကုမ္ပဏီပေါင်း ၈၀၀ ကျော်ဖြင့် ချိတ်ဆက်ထားပြီး သုံးစွဲသူဦးရေ ၈ သိန်းကျော်ရှိကာ လစဉ်ဝင်‌ရောက်ကြည့်ရှုသူ ၄ သိန်းခွဲမှ ၆ သိန်းခွဲကြား ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *