October 14, 2024

၁၆. ၉. ၂၀၂၃

Written by Peya

တောင်ကိုရီးယားနိုင်ငံသို့ရောက်သည်မှာ တစ်နှစ်ပင်မပြည့်သေးသည့် အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား လုပ်သား တစ်ဦး အိပ်နေရင်း ကွယ်လွန်နေသည်ကို တွေ့ရှိရကြောင်း အဆိုပါ နိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက MT News သတင်းဌာန၏ ဆက်သွယ်မေးမြန်း အတည်ပြုခြင်းကို ပြန်လည်ဖြေကြားသည်။

သေဆုံးသူမှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ သမန်းတောရွာမှ ကိုရဲထက်အောင် ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ ဟွာဆောင်မြို့ ၊ အုဂျောင်အွတ်ရှိ နေအိမ်တွင် စက်တင်ဘာလ ၁၄ ရက် ညပိုင်းက ကွယ်လွန်နေသည်ကို သူငယ်ချင်းများက တွေ့ခဲ့ရခြင်း ဖြစ်သည်။

“သူငယ်ချင်းတွေက အလုပ်က ပြန်လာတော့ ကိုရဲထက်အောင် အိပ်နေတာမြင်လို့ နှိုးတဲ့အခါ ကိုယ်လုံးက တောင့်နေပြီ။ မနိုးတော့ဘူး။ ဒါနဲ့ ရဲကို ဖုန်းဆက်ခေါ်ပြီး အခုတော့ ဟွာဆောင် ရေခဲတိုက်မှာ Body ရှိနေပါတယ်” ဟု အထက်ပါ မြန်မာနိုင်ငံသားက ဆိုသည်။

လက်ရှိ အခြေအနေမှာ ကနဦး မျက်မြင် စစ်ဆေးပြီးနောက် အလောင်းကို ထပ်မံစစ်ဆေးနေသည့် အနေအထားဖြစ်ပြီး အတည်ပြုချက်ရမှသာ သင်္ဂြိုလ်ခွင့်ပြုပြီး နာရေး အစီအစဥ်ကို ထပ်မံ ကြေညာနိုင်မည်ဖြစ်ကြောင်းလည်း စုံစမ်း သိရှိရသည်။ သေဆုံးသူ ကိုရဲထက်အောင်တွင် ဇနီးသည်နှင့်အတူ ကလေး နှစ်ယောက်လည်း ကျန်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *