October 15, 2024

၁၅. ၉. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြန်မာတပ်မတော်သားများ ဝင်ရောက်လာခဲ့သော်လည်း ထိုင်းပြည်သူများကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မျိုးမရှိကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးအသစ် Mr. Suthin Khlangsaeng က ထုတ်ဖော်ပြောဆိုလိုက်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် INN News ၏ ဖော်ပြချက်အရသိရသည်။

စက်တင်ဘာလ ၃ရက်နေ့တွင် လက်နက်ကိုင်ထားသော မြန်မာ့တပ်မတော်သား ၁၀၀ နီးပါးသည် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲ့ချန်းဒေသထဲသို့ ဝင်ရောက်လာခဲ့ခြင်းနှင့်ပတ်သက်ပြီး ထိုင်းပြည်သူများ စိုးရိမ်မှုများဖြစ်ခဲ့ရခြင်းအပေါ် ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ဖြေရှင်းပေးစေလိုကြောင်း ထိုင်း အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်သော ကန်နာဝီဆစ်ဘ်ဆန်က ပြီးခဲ့သောရက်ပိုင်းတွင် တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုမှုအပေါ် ထိုင်းကာကွယ်ရေးဝန်ကြီးက” မြန်မာ့တပ်မတော်သားတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ချုံခိုတိုက်ခိုက်ခံရလို့ ထိုင်းဘက်ခြမ်းကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်သားတွေရဲ့ရည်ရွယ်ချက်ကို ကြည့်ဖို့လိုအပ်တယ်။ မြန်မာစစ်သားတွေဟာ ထိုင်းပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်တာမျိုး၊ ထိခိုက်အောင်လုပ်ဆောင်တာမျိုးဆိုရင် ထိုင်းစစ်သားတွေက လက်တုံ့ပြန်သွားမှာပါ။ ဒီအဖြစ်အပျက်ကို စစ်ဆေးစုံစမ်းခဲ့ပါတယ်။ မြန်မာ့တပ်မတော်သားတွေဟာ ထိုင်းပြည်သူတွေကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မျိုးမရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာတဲ့ မြန်မာ့တပ်မတော်သားအဖွဲ့တွေနဲ့လည်း သက်ဆိုင်ရာအဆင့်အတန်းမျိုးနဲ့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာ့တပ်မတော်သားတွေလက်နက်တွေကိုင်ဆောင်ပြီး ဝင်ရောက်လာခဲ့လို့ ထိုင်းပြည်သူတွေ စိုးရိမ်မှုတွေ ရှိကောင်း ရှိနိုင်ပေမယ့် သူတို့ဟာ ထိုင်းပြည်သူတွေကို နစ်နာထိခိုက်အောင် လုပ်ဆောင်တာမျိုးမရှိပါဘူး”ဟု ပြောသည်။

ထို့အပြင် မြန်မာတပ်မတော်သားများ ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာခြင်းသည် မတော်တဆဝင်ရောက်လာသော ပုံစံမျိုးဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက သုံးသပ်ပြောဆိုထားသည်။

၎င်းက ” မြန်မာ့တပ်မတော်သားတွေ ဝင်ရောက်လာခဲ့တဲ့ ဒေသရဲ့နယ်စပ်အခြေအနေက ရှင်းလင်းမှုမရှိဘူး။ မြန်မာ့တပ်မတော်သားတွေဟာ မတော်တဆ ဝင်ရောက်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါတိုင်း စစ်ရှောင်ရင်း ဝင်ရောက်လာတတ်ပါတယ်။ အခုလိုဝင်လာတိုင်း နယ်စပ်က စစ်တပ်တွေက ဝင်ရောက်ညှိနှိုင်း ဖြေရှင်းခဲ့ရပါတယ်။ လက်ရှိအချိန်အထိ တော့ နယ်စပ်ဒေသ လုံခြုံရေးကို စိုးရိမ်စရာမရှိသေးပါဘူး။ သက်ဆိုင်ရာအဖွဲ့စည်းတွေကိုလည်း ကန့်ကွက်တယ်ဆိုတဲ့အချက် စာပို့ထားပါတယ်” ဟုပြောသည်။

Ref; .innnews.

Leave a Reply

Your email address will not be published. Required fields are marked *