October 15, 2024

၁၅ .၉ .၂၀၂၃
Written by Hey Mar

ရပ်ကွက်ထဲကပျံကျ လက်လုပ်လက်စား မိသားစုတချို့ကတော့ နေ့စဥ် စားအုန်းဆီ ရောင်းချမယ့်နေရာတွေမှာ တိုးဝှေ့တန်းစီပေးကြဖို့က သူတို့အတွက် ဒီကာလရဲ့ လက်ရှိ အလုပ်အကိုင်အခွင့်အလမ်းပါ။ တစ်ပိသာကို တန်းစီ ဝယ်ယူပေးခ ကျပ် ၅၀၀ ရပါတယ်။

“ဘယ်သူတွေကို ဝယ်ပေးရလဲဆိုတော့ ထမင်းဆိုင်သမားတွေ ၊ ငပိကြော်သည်တွေ ၊ အကြော်သည်တွေ သူတို့ဆီက ဆီဖိုးပိုက်ဆံထုတ်ပြီး လိုက်ဝယ်ပေးတယ်။ လမ်းစရိတ်လည်းပေးတယ်။ တစ်ပိသာကို မုန့်ဖိုး ၅၀၀ ရတယ်”လို့ သူနေထိုင်ရာ အင်းစိန်မြို့နယ်၊ ပတ္တမြားရပ်ကွက်ကနေ မြို့နယ်၊ ရပ်ကွက်ကျော်ပြီး မင်္ဂလာဒုံစျေးအထိ ဆီလာတိုးပေးသူ မအမာဘီက ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-15_13-18-20-1024x768.jpg

သူ့အနေနဲ့ မုန့်ဖိုးယူပြီး တန်းစီတိုးဖို့သာ တတ်နိုင်တာပါ။ ဆီကို တိုးဝှေ့ ဝယ်ယူပြီး အမြတ်တင် ပြန်ရောင်းဖို့ကတော့ သူ့လက်ထဲ ငွေအရင်းအနှီးလည်း မရှိပါဘူး။ သူ့ကို ယုံယုံကြည်ကြည်နဲ့ ဆီဖိုးငွေပေးပြီး ဝယ်ယူခိုင်းသူတွေဆီက ရတဲ့ တစ်နေ့ အခကြေးငွေ ကျပ် ၂၅၀၀၊ ၃၀၀၀ ဝန်းကျင်နဲ့ သူ့မိသားစု စားဝတ်နေရေး သူပြန်ဖြေရှင်းနေရတာပါ။

ဝမ်းရေးအတွက် ရတဲ့အလုပ် လုပ်ကြရတာမို့ တန်းစီတဲ့နေရာရောင်းတာ၊ တန်းစီနေရင်း ရန်ဖြစ်ကြ ထိုးကြ ကြိတ်ကြတာတွေလည်း စျေးထဲမှာ တွေ့မြင်ခဲ့ရပါတယ်။ အစိုးရဈေးနဲ့ဝယ် အနီးအနားမှာပြန်ရောင်းချပြီး ရတဲ့အမြတ်နဲ့ ဆန်ဝယ် ဟင်းစားဝယ်ပြီး ပြန်ကြတာတွေလည်း တွေ့ရပြန်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-15_13-18-23-2-1024x768.jpg

မင်္ဂလာဒုံဈေးထဲ စားအုန်းဆီရောင်းချတဲ့ ဆီအသင်းက အရောင်းဆိုင်တာဝန်ခံက”လူတစ်ဦးကို ၅၀ သားနှုန်းရောင်းချပေးပါတယ်။ ကလေးလာဝယ်လည်း ရောင်းပေးတယ်။ ဆီရှိသလောက် ရပါမယ်။ ပိဿာချိန် အချိန် ၁၀၀ ထုတ်ရောင်းတာပါ”လို့ ပြောပါတယ်။

ဒီလိုမျိုး တန်းစီတိုးစားရတဲ့ဘဝကို ပြည်သူတွေ မနှစ်မြို့ပေမဲ့ အချိန်ကုန်ခံ၊ လူအပင်ပန်းခံပြီး တိုးဝှေ့နေရတာဟာဝိသမလောဘသားတွေကြောင့် ပြည်သူတွေမှာ မလိုလားအပ်တဲ့ ပင်ပန်းဆင်းရဲမှုတွေ ခံစားနေရတာလို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က ဆိုပါတယ်။

“လို တို ရှင်းပြောရရင် လက်ကြီး လုပ်ငန်းရှင်တွေက တင်သွင်းခွင့်တင်ကြတယ်။ အစိုးရက ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့၊စသည့်ဖြင့်သတ်မှတ်ချက်ပေးတယ်။ ခွင့်ပြုချက်နဲ့အတူ နိုင်ငံခြားငွေ နိုင်ငံတော်က ဝယ်ခွင့်ပြု၊ ရောင်းပေးတယ်။
တင်သွင်းလာတဲ့ဆီကို သဘောလောက် အရောင်းပြ ၊ အဖြန့်ပြကြတယ်။ စားအုန်းဆီစျေးကို တင်လိုက်တယ်။ ဓာတုနည်းနဲ့ မြေပဲဆီသန့်ဆိုပြီး ကြည်လင်ပြီး မြေပဲနံ့သင်းတဲ့ ပုံပြောင်းဆီလုပ်တယ်။ နှစ်ခုစလုံးယှဥ်ပြီး စျေးတင်ရောင်းတယ်။
အစိုးရက မင်းတို့တင်သွင်းထားတာနဲ့ လူဦးရေနဲ့တွက်ရင် ဒီလောက် ရှားပါးစျေးကြီးတာ မဟုတ်သေးဘူးဆိုမှ သတ်မှတ်စျေးနဲ့ အောက်ခြေတွေမှာ ရောင်းခိုင်းတယ်။ အယောင်ပြ ရောင်း၊ ဓာတ်ပုံသတင်းကောင်းနဲ့ပြန်တင်ပြ။ အစိုးရသတ်မှတ်သလောက်လည်း မရောင်းကြဘူး။ တစ်ခါ နိုင်ငံတော်ကရောင်းပေးတဲ့ နိုင်ငံခြားငွေကို တစ်ဖက်လှည့်နဲ့စျေးတင်ရောင်းပြီး ဌာနနဲ့ပေါင်းပြီး အသွင်းပြ၊အရောင်းပြကြ၊လုပ်စားကြတာပေါ့” လို့ ဦးသက်ဇော်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-15_13-18-23-3-1024x768.jpg

အထက်ကနေ စပြီး အောက်ခြေအထိ မမှန်ကန်တဲ့ အကျိုးစီးပွားကိုသာ ဖြစ်စေတဲ့ အကျိုးမရှိတဲ့ အရောင်းဆိုင်တွေ ဖွင့်လှစ်ပြီး ပြည်သူကိုတို့ဝှေ့တန်းစီနေစေမယ့်အစား စားသုံးသူရေးရာဦးစီးဌာနနဲ့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေ ဌာနတို့ လက်တွဲညီညီ အလုပ် လုပ်စေချင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သူ့အမြင်ကို အခုလိုပြောပါတယ် ။

“နိုင်ငံရေးနဲ့ဆက်စပ်နေတော့လည်း ပြောရခက်တယ်။ ခေတ်နောက်ပြန်ဆွဲ ငြိမ်ဝပ်ပိပြားခေတ် ဖြစ်အောင် ပြန်လုပ်နေတာ။ ပြည်သူက မျက်စိပွင့် နားပွင့်နေပြီမို့ အစိုးရကို အယုံအကြည်မဲ့လာတာသာ အဖတ်တင်နိုင်လို့ သေချာ ထိန်းချုပ်စေချင်တယ်”လို့ ဆိုပါတယ်။

လက်ရှိ စားအုန်းဆီ မသမာမှုမှာတော့ ရောင်းပေးနေတဲ့ ကုန်ပစ္စည်းအရည်အတွက်နဲ့ တန်းစီနေတဲ့ လူအား မမျှတာမို့ တချို့လည်း အချိန်ကုန်လူပန်း နွမ်းရတာသာ အဖတ်တင်နေရပါတယ်။ အစိုးရအနေနဲ့ စားသုံးဆီစျေးကို အတုလုပ်တာတွေကင်းစင်ပြီး သတ်မှတ်အမြတ်ထက် ၁၀ ရာခိုင်နှုန်းထက်မပိုဘဲ စျေးကွက်တည်ငြိမ်ချင်တယ်ဆိုရင်တော့ လက်ရှိမှာ ဆီတင်သွင်းခွင့်ပြုထားတဲ့ လူ ၂၀ ကျော်ကို အကုန်လုံးတင်သွင်းခွင့်တွေပြန်ရုတ်သိမ်းပြီး စျေးကွက်မှာ မျှတတဲ့ယှဥ်ပြိုင်မှုဖြစ်အောင် ဖော်ဆောင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *