၁၅. ၉. ၂၀၂၃
Written by Peya
ယခုလအတွင်း တတိယအကြိမ်မြောက်အဖြစ် ဓာတ်တိုင်ပေါ် ဓာတ်ကြိုးတက်ခိုးသည့် သူခိုး ဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ်တစ်ခု ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် ထပ်မံဖြစ်ပွားခဲ့ကြောင်း MT News သတင်းဌာနက စုံစမ်းရရှိထားသည့် အချက်အလက်များအရ သိရသည်။
ပထမဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ဖားကန့်မြို့၊ ဆိုင်းတောင် (ခ) ဆိပ်မူ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ထရန်စဖော်မာပေါ်ရှိ ကြေးကြိုးများနှင့်သွယ်တန်းထားသော ကြိုးကို ခိုးယူသည့် သူခိုးမှာ ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဒုတိယဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက် နံနက်ပိုင်း ၂ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဆိုပါ ဖြစ်စဉ်တွင် အမျိုးသား ၂ ဦးက ဓာတ်ကြိုးလာခိုးရာ ဓာတ်တိုင်ပေါ် တက်ပြီး ဝါယာကြိုးဖြတ်သူ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။ ယခု တတိယအကြိမ်မှာမူ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဓာတ်လိုက်သေဆုံးနေသည့် သူခိုး၏ အလောင်းကို ယနေ့ စက်နေ့ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဓာတ်တိုင်ပေါ် တွေ့ရခြင်း ဖြစ်သည်။
“ညဘက် ဖြစ်တာကတော့ ဘယ်အချိန်တော့ ဖြစ်သွားလဲ မသိရပါဘူး။ မနက်မိုးလင်း ၆ နာရီခွဲကျမှ ဓာတ်တိုင်ပေါ် တွေ့ရတာပါ။ မနက်ပိုင်း ၁ နာရီ ၂ နာရီလောက်မှာ ဖြစ်မယ်လို့ ထင်ပါတယ်။ သေဆုံးသူက လူလတ်ပိုင်းအရွယ်ပါပဲဗျ” ဟု အလောင်းကို စစ်ဆေးနိုင်ရန်အတွက် ပို့ဆောင်ရာတွင် ပါဝင်ခဲ့သည့် စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဒေသက ကျေးရွာများတွင် မီးကြိုးဖြတ်ခိုးမှုများ ရှိနေပြီး ယခုတစ်ကြိမ်တွင် မြို့ပေါ်အထိ ခိုးယူသည့် ဖြစ်စဉ် ဖြစ်ပွားခြင်းဖြစ်ကာ ဓာတ်ကြိုးကို မီးရှို့ကာ ရလာသည့် ကြေးများကို ပြန်ရောင်းခြင်းဖြစ်ကြောင်းလည်း သိရသည်။