October 19, 2024

စက်တင်ဘာ ၁၃ ရက်တွင် TBP ကတ် လျှောက်ထားရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo- SaiMao SinSang)

၁၅. ၉. ၂၀၂၃
Written by Nyein Kyaw

တရုတ်နိုင်ငံသို့ တရားဝင် အဝင်/အထွက် ပြုလုပ်နိုင်မည့် ယာယီဖြတ်သန်းခွင့်လက်မှတ် (TBP) ကတ်များ ထုတ်ပေးရာတွင် ညအိပ်တန်းစီစောင့်ဆိုင်းခြင်းနှင့် နေရာရောင်းစားခြင်းများ မဖြစ်ပေါ်စေရန် သုံးရက်တစ်ကြိမ် (သို့မဟုတ်) ငါးရက်တစ်ကြိမ် နေရာပြာင်းဆောင်ရွက်မည်ဖြစ်ပြီး ဆောင်ရွက်မည့်နေရာအား ကြိုတင်အသိမပေးဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၏ လူဝင်/လူထွက် လက်ခံနေမှုစနစ်သည် ယခင်က တံဆိပ်တုံးထု ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်စနစ်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက် ပြန်လည်ဖွင့်လှစ်ချိန်တွင် QR Code ဖြင့် မှတ်တမ်းတင် ဆောင် ရွက်သဖြင့် အချိန်ကြာမြင့်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ပြင် အဆိုပါ TBP ကတ်သည် ၆ ညအိပ် ၇ ရက် တစ်ခါသုံးကတ်ဖြစ်၍ တစ်ကြိမ်ဝင်လျှင် အသစ်တစ်ကြိမ်မှတ်တမ်းတင်ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ TBP ကတ်အား အများအပြား ထုတ်ပေးနိုင်သော်လည်း တရုတ်နိုင်ငံဘက်မှ လက်ခံနိုင်မှုအခြေအနေမှာ တစ်ရက်လျှင် လူဦးရေ ၅၀၀ ဦးခန့်သာဖြစ်သည့်အတွက် ချိန်ဆ၍ ထုတ်ပေးနေရခြင်းဖြစ်သည်။

လက်ရှိတွင် မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် လူဝင်/လူထွက်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားဝင် ဝင်ရောက်နိုင်မည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) တစ်ခါသုံးကတ်များ ထုတ်ပေးရာတွင် နေရာဒေသစုံမှ လာရောက်လျှောက်ထားသူ တစ်ရက်လျှင် အနည်း ဆုံးလူဦးရေ ၃,၀၀၀ ခန့်အထိ ရှိနေသည့်အတွက် ညအိပ်တန်းစီစောင့်ဆိုင်းခြင်း၊ နေရာများကြိုတင်ဦးကာ နေရာများပြန်လည်ရောင်းစားခြင်း ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ညအိပ်တန်းစီစောင့်ဆိုင်းခြင်းမရှိစေရေး၊ နေရာရောင်းစားခြင်း မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကြေညာခြင်းမပြုဘဲ ရက်ချိန်းပေးသည့်စနစ် ဆောင်ရွက်မည်ဖြစ်သည်။ ရက်ချိန်းပေးဆောင်ရွက်မည့်နေရာအား တစ်နေရာတည်းတွင် ဆောင်ရွက်ပေးခြင်းမပြုဘဲ သုံးရက်တစ်ကြိမ် (သို့မဟုတ်) ငါးရက်တစ်ကြိမ် နေရာရွှေ့ပြောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

TBP ကတ် လျှောက်ထားမည့်သူသည် နယ်စပ်ဂိတ်၌ တန်းစီပြီး (နိုင်ငံသားစိစစ်ဆေးကတ်ပြား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့်ကတ်ပြား) ပြသ၍ အမည်မည်းစာရင်းနှင့် တရားခံပြေးစာရင်းအား စိစစ်အတည်ပြုခွင့်ပေးခြင်း၊ e-ID စနစ်ဖြင့် စစ်ဆေးအတည်ပြုပြီး နိုင်ငံသားမှန်ကန်ပါက တစ်ပါတည်းခွင့်ပြုပေးခြင်းဖြစ်သည်။ လျှောက်ထားသူအား ဓါတ်ပုံရိုက်ခြင်း၊ MRTD စက်တွင် ကွန်ပျူတာဖြင့် ကိုယ်ရေးအချက်အလက်ရိုက်သွင်းပြီး ကတ်ပြားထုတ်ပေးခ ၅၀၀ ကျပ်နှင့် ဖြတ်သန်းခ ၅၀၀ ကျပ် စုစုပေါင်း ၁,၀၀၀ ကျပ် အခွန်အခ ကောက်ခံကာ TBP ကတ်ထုတ်ပေးနေခြင်းဖြစ်သည်။

ရက်ချိန်းပေးဆောင်ရွက်ရာတွင် တရုတ်နိုင်ငံသို့ သွားရောက်မည့်သူကိုယ်တိုင် ကိုင်ဆောင်လက်မှတ်ဖြင့် တန်းစီခြင်း၊ လဝကမှ လူနှင့်ကိုင်ဆောင်လက်မှတ် တိုက်ဆိုင်စိစစ်အတည်ပြုပြီး မှန်ကန်ပါက လက်ခံမှတ်ပုံတင်စာရင်းတွင် အမှတ်စဉ်၊ အမည်၊ ကိုင်ဆောင်လက်မှတ်၊‌ နေရပ်လိပ်စာ၊ ဝင်ရောက်ခွင့်ပြုမည့် ရက်စွဲပါ စာရင်းတွင် မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ် လူဝင်/လူထွက်ဂိတ်များမှတစ်ဆင့် TBP ကတ်များ ထုတ်ပေးမှုကို ယခင်က မူဆယ်မြို့ရှိ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်နှစ်ခုမှသာ ဆောင် ရွက်ပေးနေသော်လည်း ကျန်ရှိသည့် မန့်ဝိန်းဂိတ်တွင် စက်တင်ဘာ ၁၃ ရက်မှစ၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၃ ရက်တွင် နေရာကျယ်ပြန့်သည့် မန့်ဝိန်းစစ်ဆေးရေးဂိတ်၌ စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ သုံးရက်အတွက် လူဦးရေ ၁၅၀၀ အား လဝကမှ လူနှင့်ကိုင်ဆောင်လက်မှတ် တိုက်ဆိုင်စစ်ဆေးပြီး ကြိုတင်မှတ်တမ်းတင်ထားရှိခဲ့ပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *