October 18, 2024

၁၅. ၉. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာ ဘိုင်ဒန်ဟာ ၂၀၁၈ ခုနှစ်အတွင်း လက်နက်တစ်လက်ဝယ်ယူစဉ်က သူ့ရဲ့မူးယစ်ဆေးသုံးစွဲမှုကို လိမ်ညာခဲ့မှုနဲ့ တရားစွဲခံနေရပြီး အဲဒီအချိန်က ဟန်တာ အနေနဲ့ ကိုကင်းစွဲနေမှုကို တိုက်ဖျက်နေရတာကို ဝန်ခံထားတယ်လို့ ဒယ်လာဝဲလ်ပြည်နယ် ပြည်ထောင်စုတရားရုံးမှာ တရားစွဲဆိုခဲ့မှုအရ သိရပါတယ်။

ဟန်တာဘိုင်ဒန်ကို လက်နက်မှုစွဲချက်တွေနဲ့ ဒယ်လာဝဲလ် ပြည်နယ်တရားရုံးမှာ စက်တင်ဘာ ၁၄ ရက်က တရားစွဲခဲ့တာပါ။ ဒါက အမေရိကန်သမ္မတတစ်ဦးရဲ့သားကို ကြာ ရှည်စွာစုံစမ်းစစ်ဆေးမှုတွေ ပြုလာခဲ့မှုရဲ့ နောက်ဆုံးနဲ့အရေးအပါဆုံး အဆင့်လို့ဆိုရမှာဖြစ်ပါတယ်။

ဟန်တာဘိုင်ဒန်အနေနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်း အရောင်းအဝယ်ကိစ္စတွေအတွက်လည်း စုံစမ်းခြင်းခံနေရပါတယ်။အမှုကိုကြီးကြပ်ကွပ်ကဲရတဲ့ အထူးအကြံပေးပုဂ္ဂိုလ်ကတော့ အခွန်တွေကို အချိန်မီပေးဆောင်မှုမရှိဘဲ ရှောင် တိမ်းနေတာနဲ့ပတ်သက်လို့ ဝါရှင်တန်(သိုမဟုတ်) ဟန်တာနေထိုင်ရာ ကယ်လီဖိုးနီးယား ပြည်နယ်တရားရုံးမှာအမှုဖွင့်စွဲဆိုနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိတရားစွဲမှုက ကွန်ဂရက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ပါတီအမတ်တွေရဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒန်ရဲ့ စီးပွားရေးအရောင်းအဝယ်တွေမှာ ကြီးမားစွာ ပါဝင်နေမှု အပေါ် စုံစမ်းထောက်လှမ်းမှုတွေပြုနေရာက ထွက်ပေါ်လာတာလို့ဆိုရမှာပါ။ ရီပတ်ဘလစ်ကန်အမတ်တွေက ဟန်တာဘိုင်ဒန်ရဲ့ ပြည်ပအရောင်းအဝယ်လုပ်ငန်းတွေမှာ ဖခင်ဖြစ်သူ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုခဲ့တယ်ဆိုတာ သက်သေထွက်ချက်ကိုလည်းရရှိထားတယ်လို့ သိရပါတယ်။ သို့သော် သူတို့အနေနဲ့သမ္မတက အမှားတစ်စုံတစ်ရာလုပ်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ခြင်းတော့ မရှိသေးပါဘူး။

တရားစွဲဆိုမှုမှာ ဟန်တာဘိုင်ဒန်ဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ဒယ်လာဝဲလ်ပြည်နယ်၊ ဝီလ်မင်တန်မြို့က သေနတ်ဆိုင်တစ်ဆိုင်မှာ Colt Cobra Special သေနတ်တစ်လက်ဝယ်ယူချိန် လက်နက်ဝယ်တိုင်းဖြည့်သွင်းရတဲ့ပုံစံမှာ လိမ်ညာရေးသားမှုတွေပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သူ့အနေနဲ့ ဥပဒေအရ လက်နက်ဝယ်ယူချိန် မူးယစ်ဆေးဝါးသုံးစွဲသူ(သို့မဟုတ်) မူးယစ်ဆေးစွဲနေသူမဖြစ်ဖို့ လိုမှာပါ။ ဒီလိုဖြစ်နေခဲ့ရင် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ယောက်က ဥပဒေနဲ့မညီ လက်နက် ကိုင်ဆောင်ရာ ရောက်မှာပါ။ ဒါပေမယ့် ဟန်တာက ပုံစံမှာ လိမ်ညာဖြည့်သွင်းခဲ့ပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ဟန်တာဘိုင်ဒန်က ခုလို ကြီးလေးတဲ့ပြစ်မှုနဲ့ရင်ဆိုင်ရခြင်းမရှိမီ အသေးအဖွဲအခွန်စွဲချက်အမှုတွေမှာ အပြစ်ရှိတယ်လို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့ဖူးပါတယ်။

တရားခံရှေ့နေ လိုးဝယ်လ်ကတော့ သူ့ရဲ့အမှုသည်ဟာ ကျည်ထည့်မထားတဲ့သေနတ်ကို ၁၁ ရက်ကြာ ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံမှုကို တစ်စုံတစ်ရာခြိမ်းခြောက်ခြင်းမရှိခဲ့ဘူးလို့ ဟန်တာ ဘက်က ကာကွယ်ပြောကြားခဲ့ပါတယ်။

Ref-Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *