October 18, 2024

၁၅. ၉. ၂၀၂၃
Written by Nay Aung

တရုတ်အစိုးရနှင့် ထိုင်းအစိုးရတို့သည် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများ၏ ပစ်မှတ်ထားပိတ်ဆို့မှုခံနေရသည့် SAC နှင့်ဆက်ဆံရေးကို ထိန်းသိမ်းနေသဖြင့် ထိုင်းနှင့် တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦမှ စားသုံးကုန်ထုတ်လုပ်မှုအထိ တိုးချဲ့လုပ်ကိုင်လာနေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဟာကွက်များကို တရုတ်နှင့် ထိုင်းကုမ္ပဏီများက ဖြည့်ဆည်းပေးလျက်ရှိနေကြောင်း ဂျပန်အခြေစိုက် သတင်းဌာန Nikkei က ဖော်ပြထားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးချန်ဟိုင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲလုပ်ကိုင်နေသည့် စီမံကိန်းများနှင့် အပြန်အလှန်ဆက်ဆံရေး ပိုမိုခိုင်မာလာရန် အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-15_11-17-47-2.jpg

SAC သည် မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်မတ်လအထိ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့ကြောင်း Institute for Strategy and Policy-Myanmar အဖွဲ့က ပြောသည်။

အဆိုပါကာလအတွင်း ခွင့်ပြုခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအနက် ၅၅ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၃ ဘီလျံက ဟောင်ကောင်ဒေသအပါအဝင် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် တရုတ်အစိုးရတာဝန်ရှိသူများသည် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာနှင့်ချိတ်ဆက်ပေးမည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့် ဆက်စပ်စီမံကိန်းများ တည်ဆောက်ရန် မျှော်လင့်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ Union Resources & Engineering ကုမ္ပဏီနှင့် Yunnan Energy Investment ကုမ္ပဏီတို့သည်ဧရာဝတီတိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်လျက်ရှိနေကြောင်း သိရသည်။ အဆိုပါလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်ငွေ့အရည်သုံးကာ လျှပ်စစ်ထုတ်လုပ်မည့်စက်ရုံဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁ ဒသမ ၄ ဂီဂါဝပ် ထုတ်လုပ်ပေးနိုင်ဖွယ်ရှိနေကာ လာမည့် ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်ရန်စီစဉ်ထားကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-15_11-17-47-3-1024x682.jpg

ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းတွင် အဓိကရင်းနှီးမြှုပ်နှံမှု ပြုလုပ်လျက်ရှိနေသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ရန်ပြုတိုက်ခိုက်ခံရမှုများကြောင့် တရုတ်အထည်ချုပ်ကုမ္ပဏီအချို့ ပိတ်သိမ်းခဲ့သော်လည်း မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ၃၀၀ ကျော်ရှိနေဆဲဖြစ်ရာ မြန်မာနိုင်ငံရှိအထည်ချုပ်စက်ရုံ စုစုပေါင်း၏ တစ်ဝက်ကျော်အရေအတွက်ဖြစ်ကြောင်း သိရသည်။

တရုတ်ကုမ္ပဏီများအပြင် ထိုင်းနိုင်ငံသားပိုင်ကုမ္မဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ကိုင်လျက်ရှိနေဆဲဖြစ်ကာ ထိုင်းအဖျော်ယမကာကုမ္ပဏီဖြစ်သည့် Fraser and Neave သည် မြန်မာနိုင်ငံတွင် ဘီယာစက်ရုံတည်ဆောက်ရန်အတွက် ထုတ်လုပ်မှုလိုင်စင်နှင့် မြေယာအသုံးပြုခွင့်ရရှိထားကာ ပြည်တွင်းကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်မည်ဟု ပြီးခဲ့သော ဇူလိုင်လတွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် စားသုံးသူများ၏ငွေကြေးသုံးစွဲမှုများ ပြန်လည်ကောင်းမွန်လာခဲ့ပြီး မြို့ကြီးများတွင် စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများ ပြန်လည်ဖွင့်လှစ်လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လျက်ရှိနေသည့်အတိုင်ပင်ခံလုပ်ငန်းမှ ရှင်ဆူကီဂိုတိုက “ထိုင်း ကုမ္ပဏီတွေဟာ မိခင်နိုင်ငံမှာ အလုပ်သမားတွေနဲ့ပတ်သက်ပြီး လစာစရိတ်မြင့်တက်နေတာကို စိုးရိမ်နေတယ်။ ဒါကြောင့်ထိုင်းကုမ္ပဏီတွေဟာ လစာ ကုန်ကျစရိတ်နည်းပါးမယ့် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ လုပ်ဆောင်လာတာမျိုးဖြစ်တယ်” ဟုပြောသည်။

ထိုင်းနိုင်ငံမှ စွမ်းအင်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိနေဆဲဖြစ်ကြောင်း၊ ပြီးခဲ့သောနှစ်တွင် ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှ ဂျပန်အခြေစိုက် Eneos Holdings ကုမ္ပဏီနှင့် မလေးရှားအခြေစိုက် Petronas ကုမ္ပဏီတို့ ထွက်ခွာသွားသော်လည်း ထိုင်းအခြေစိုက် Northern Gulf Petroleum က အဆိုပါစီမံကိန်းတွင် ပါဝင်လုပ်ကိုင်ရန် အခွင့်အရေးရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနှင့်တရုတ်ကုမ္ပဏီများအပြင် ဂျပန်ကုမ္ပဏီပေါင်း ၄၀၀ ကျော်သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ရှိနေမည်ဆိုလျှင် မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေများ ပိုမိုကြီးထွားလာဖွယ်ရှိနေကြောင်း သိရသည်။

ထို့အတူ Toyota ကား ထုတ်လုပ်ရေးကုမ္ပဏီသည် ပြီးခဲ့သော၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခဲ့ပြီး ယခင်က နေ့စဉ် ကားနှစ်စီးသာ ထုတ်လုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် လေးစီးမှ ငါးစီးအထိတိုးမြှင့်ထုတ်လု​ပ်နေကြောင်း အဆိုပါကား ကုမ္ပဏီနှင့်နီးစပ်သည့်သတင်းအရင်းမြစ်က ပြောဆိုထားကြောင်း ဂျပန်အခြေစိုက် Asia.Nikkei. သတင်းဌာနတွင်ဖော်ပြထားသည်။

Ref; asia.nikkei.
#Myanmar #China #thailand
#myanmar_transparency_news #mtnews

Leave a Reply

Your email address will not be published. Required fields are marked *