October 19, 2024

၁၄. ၉. ၂၀၂၃
Written by Pan Ei

ရုပ်ရှင်တွေထဲက ဖြစ်ရပ်လိုမျိုး ရည်းစားဟောင်းဖြစ်သူ အမျိုးသားက သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမဲ့ ခါးကြားထဲက ဖုန်းကိုသာ ကျည်ဆန်က ထိမှန်ခဲ့လို့ ထိုင်းအမျိုးသမီးတစ်ဦး အသက်ဘေးကနေ သီသီလေးလွဲချော်ခဲ့တဲ့ ဖြစ်စဉ် ထိုင်းနိုင်ငံ ချိုင်ယာဖွန်ပြည်နယ် အစ်ဆန်ခရိုင်မှာ မကြာသေးမီက ဖြစ်ပွားခဲ့ပြီး အဲ့ဒီအမျိုးသမီးအတွက် သူမရဲ့ လက်ကိုင်ဖုန်းက မထင်မှတ်ဘဲ အသက်ကယ်တဲ့ ကျေးဇူးရှင် ဖြစ်သွားခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အမျိုးသမီးကတော့ အသက် ၂၄ နှစ်အရွယ် ရတ်ဒါ ဆိုသူဖြစ်ပြီး သူမရဲ့အဆိုအရ သူမဟာ မော်တော်ဆိုင်ကယ်စီးပြီး အိမ်ပြန်လာစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူမအိမ်ပြန်ရောက်ခါနီးမှာ သူမရဲ့ အသက် ၂၉ နှစ်အရွယ် ရည်းစားဟောင်း သွန်ဘွန်း က သူမကို သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့တာဖြစ်ပြီး တစ်ချက်က လွဲချော်ခဲ့ကာ တစ်ချက်က သူမခါးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကျည်ထိခဲ့တဲ့နေရာမှာ လက်ကိုင်ဖုန်းရှိနေတာကြောင့် သူမက ဒဏ်ရာအနည်းငယ်သာရရှိခဲ့ခြင်းဖြစ်ကာ အခုလက်ရှိမှာတော့ ခွန်ဆန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

သူမနဲ့ သေနတ်သမား သွန်ဘွန်း တို့ဟာ လေးလကြာတွဲခဲ့ပြီး သူမအပေါ် အမြဲတစေ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကြောင့် ခုလို သေနတ်နဲ့ ပစ်ခတ်မှုတွေမဖြစ်ခင် တစ်လလောက်အလိုမှာ လမ်းခွဲခဲ့တာဖြစ်တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

ရဲအရာရှိတွေက ရတ်ဒါရဲ့အိမ်နားက လုံခြုံရေးကင်မရာကိုစစ်ဆေးခဲ့ရာမှာတော့ သွန်ဘွန်းက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့မှတ်တမ်းကို တွေ့ရှိခဲ့ပြီး တိုက်ခိုက်မှုအပြီးမှာ သွန်ဘွန်းနဲ့ သူ့သူငယ်ချင်းက အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးခဲ့တယ်လို့သိရပါတယ်။ အခုလက်ရှိမှာတော့ ရဲတပ်ဖွဲ့က သွန်ဘွန်းနဲ့ သူငယ်ချင်းကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ခုလိုမျိုး အချစ်ရေးပြဿနာတွေကြောင့် သေနတ်နဲ့ ပစ်ခတ်တဲ့ ဖြစ်စဉ်တွေ ထိုင်းနိုင်ငံမှာ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးက သူငယ်ချင်းတစ်ယောက်ကို ကြိုးကိုင်ကာ သူ့ရဲ့ အသက် ၁၇ နှစ်အရွယ် ရည်းစားဟောင်းကို သေနတ်နဲ့ ပစ်ခတ်စေခဲ့ပြီး ပစ်ခတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက်အမျိုးသမီးငယ်ဟာ သေနတ်ဒဏ်ရာ ၁၀ ချက်နဲ့ သေဆုံးခဲ့ရပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *