October 22, 2024

နိုဝင်ဘာ ၆ ရက်ညည့်နက်ပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်စဥ်အား တွေ့ရစဥ် (Photo-Thet Naung)

၇. ၁၁. ၂၀၂၂

Written by Naing Thuta

အဝတ်လျှော်စက်ပေါ် ဖယောင်းတိုင်မီးထွန်းခဲ့ပြီး အိပ်ပျော်သွားရာ အဝတ်လျှော်စက်မှတဆင့် မီးကူးစက်လောင်ကျွမ်းမှု ချမ်းအေးသာစံမြို့နယ်တွင် နိုဝင်ဘာ ၆ ရက်နေ့ ညသန်းခေါင်အချိန်၌ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ပြောဆိုမှုအရ သိရသည်။

“ညသန်းခေါင်ချိန်လောင်တာဆိုတော့ ပိုလန့်မိတယ်။ မှောင် ကမှောင်ဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားတာ။ တော်သေးတယ် မီးသတ်က အချိန်မီငြှိမ်းနိုင်လိုက်တာ။ စလောင်တာကတော့ အဝတ်လျှော်စက်ပေါ်မှာ ဖယောင်းတိုင်ထွန်းထားပြီး အိပ်ပျော်သွားတယ်ပြောတယ်။ အဲဒီအဝတ်လျှော်စက်ကတစ်ဆင့် အပေါ်ထပ်ကို မီးကူးသွားတာ” ဟု ၎င်းမီးလောင်ရာအနီးတွင် နေထိုင်သူက ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ လမ်း ၉၀ ၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အကွက်အမှတ်(…) ၊ အိမ်ရှင် ဦး…….နေအိမ်အပေါ်ထပ်အခန်းအတွင်းရှိ အဝတ်လျှော်စက်ပေါ်တွင် ဖယောင်းတိုင်မီးထွန်းခဲ့ပြီး အိပ်ပျော်သွားရာမှ အဝတ်လျှော်စက်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကာအပေါ်ထပ်မျက်နှာကြတ်နှင့် အတွင်းပစ္စည်း အနည်းငယ် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်းနှင့် ဆုံးရှုံးမှုကာလတန်ဖိုး ကျပ် ၁၁ သိန်းခန့် ဆုံးရှုံးသွားကြောင်း မီးသတ်ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ ရေသယ်ယာဉ် (၅) စီး၊ အုပ်ချုပ်မှုယာဉ် (၃) စီး၊ မီးသတ်သန္ဓေတပ်ဖွဲ့ဝင် (၃၈) ဦး၊ အရန်တပ်ဖွဲဝင် (၅၀) ဦးခန့်၊ မဏိစလ လှုမှုကူညီရေးအသင်းမှ ယာဉ်များနှင့် အဖွဲ့သားများ၊ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းပြီး မီးငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၃၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၃၆ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်းနှင့် ၎င်းမီးလောင်မှုမှာ Level (1) အဆင့်သာရှိကာ မီးလောင်မှုဖြစ်ပွားသည့် အိမ်ရှင်အား ချမ်းအေးသာစံမြို့နယ် အမှတ် (၆) နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *