၁၄. ၉. ၂၀၂၃
Written By Thandar
ချစ်နေပြီ တေးသီချင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ အဆိုတော် သရုပ်ဆောင် အုပ်စိုးခန့်က ဂျပန်နဲ့ မြန်မာ နှစ်နိုင်ငံစလုံးအတွက် အနုပညာအလုပ်တွေ လုပ်လာရတော့ Stress တွေ များပါတယ်လို့ ဖွင့်ဟလာပါတယ်။
“ဂျပန်မှာလည်း သီချင်းတွေဆိုခဲ့တယ်။ ခု မြန်မာနိုင်ငံမှာလည်း အလုပ်တွေ လုပ်နေရတယ်။ ဂျပန်နိုင်ငံမှာပါ ကျွန်တော် အလုပ်တွေ တိုးလာတာပေါ့။ နှစ်နိုင်ငံ အလုပ်တွေလုပ်လာရတော့ သေချာလေး Schedule ပြန်ချိန်နေရတယ်။ အဓိက နှစ်နိုင်ငံလုံးမှာ အနုပညာနဲ့ပတ်သက်တာ လုပ်ကိုင်ရတော့ Stress တွေ များပါတယ်။ အခုလည်း Stress တွေ ရှိတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း အခုလက်ရှိမှာ သင်ယူနေတယ်။ ကြိုးစားနေတဲ့ လူတစ်ယောက်ပေါ့နော်။ အခုရောက်နေတဲ့နေရာက ကိုယ့်ကိုယ်တိုင်ပဲသိတယ်။ ကိုယ်ဘယ်လောက် ကြိုးစားတယ်ဆိုတာ။ နောက်ထပ်လေ့လာသင်ယူစရာတွေလည်း အများကြီးရှိပါသေးတယ်”လို့ အဆိုတော် သရုပ်ဆောင် အုပ်စိုးခန့်က ပြောပါတယ်။
သူဟာ ဂျပန်လူငယ်တွေနဲ့အတူ Collaborate လုပ်ထားတဲ့ သီချင်းတွေက Top 3 ဝင်သွားလို့ ဂျပန်နိုင်ငံက Rolling Loud မှာလည်း တေးသီချင်းတွေ သီဆိုဖျော်ဖြေခွင့်ရထားတာလည်း ဖြစ်ပါတယ်။ လက်ရှိလည်း ဂျပန်မှာ တေးသီချင်းဆက်လုပ်နေသလို တေးသီချင်းသီဆိုဖျော်ဖြေခွင့်ကို ရရှိထားသူလည်း ဖြစ်ပါတယ်။ အုပ်စိုးခန့်က မြူနဲ့ရေးတဲ့တိမ် ၊ အိုးမိုင်ဂေါ့ဒ် စတဲ့ ဇာတ်လမ်းတွဲအပြင် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးခွင့်ရရှိထားသူလည်း ဖြစ်ပါတယ်။
“တေးတစ္ဆေ ဇာတ်လမ်းတွဲမှာ ကျွန်တော်က သြရဆိုတဲ့ ကာရိုက်တာ နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲက ကျွန်တော်ပုံမှန်ရိုက်ကူးနေကျမဟုတ်တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ Musical နဲ့ ပတ်သက်တဲ့ ကားလေးလည်း ဖြစ်တယ်။ ဒီလိုဇာတ်လမ်းတွေက မြန်မာပြည်မှာ ရိုက်ကူးကြတာလည်း ရှားတယ်ဆိုတော့ စိတ်လည်း လှုပ်ရှားတယ်။ ပျော်လည်းပျော်ပါတယ်။ ဒီဇာတ်ကားအတွက်လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ ”လို့ သူက ဆက်ပြောပါတယ်။