၁၄. ၉. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်းရှိ NGO/INGO များ ဥပဒေနှင့်အညီ အကူအညီပေးနိုင်ရန်အတွက် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ရန်နှင့် မှတ်ပုံတင်လျှောက်ထားရာတွင် အစိုးရဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်များရယူ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယနေ့ပြုလုပ်သည့် NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
မိမိတို့နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများ၊ ဝေးလံခေါင်သီသော ဒေသများ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့များ၏ အားကိုရယူရကြောင်း၊ အသင်းအဖွဲ့များကလည်း ဥပဒေနှင့်အညီ အကူအညီပေးနိုင်ရန်အတွက် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
မှတ်ပုံတင်လျှောက်ထားရာတွင် အစိုးရဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်များရယူရန် လိုအပ်ပြီး သက်ဆိုင်ရာဌာနများအနေဖြင့် ဌာနအဖွဲ့အစည်း၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး မြန်ဆန်စွာ ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မှာကြားခဲ့သည်။
မြန်မာနိုင်ငံရှိ အသင်းအဖွဲများ၏ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် အကဲဖြတ်သတ်မှတ်သည့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့၏ နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်မှုအစီရင်ခံစာအရ ပရဟိတအဖွဲ့အစည်းများသည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ရာ၌ အသုံးချခံရနိုင်ခြေများသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဆောင်ရွက်မှု အားနည်းသည်ဟု သတ်မှတ်ခံထားရသည်။
အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက INGO/ NGO များကို အသုံးချပြီး တရားမဝင်ကိစ္စရပ်များအတွက် ထောက်ပံ့မှုများ မဖြစ်စေရန်လိုအပ်ကြောင်းနှင့် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
ပြည်တွင်းရှိ အချို့သော INGO နှင့် NGO အဖွဲများအား ၎င်းတို့ကို ကူညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိနေ၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လ ၃၀ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) တွင် ညွှန်ကြားထားသည်။