October 19, 2024

၁၃. ၉. ၂၀၂၃

Written by Nay Aung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားများအပါအဝင် လူသုံးဦးကို AK-47 မောင်းပြန်ရိုင်ဖယ်သုံး ကျည်ဆံ ၁၈၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းအာသံရိုင်ဖယ်တပ်ရင်းက သတင်းထုတ်ပြန်လိုက်သည်။

အာသံရိုင်ဖယ်တပ်ရင်းနှင့် မီဇိုရမ် ရဲတပ်ဖွဲ့တို့သည် Tlangpuikawn မြို့အနီးတွင် စောင့်ကြည့်စစ်ဆေးချိန် ဆိုင်ကယ်စီးလာသော လူသုံးဦးကို ရပ်တန့်စစ်ဆေးခဲ့ရာ AK-47 ရိုင်ဖယ်သေနတ်သုံး ကျည်ဆံများနှင့်အတူဖမ်းမိခဲ့သည်။

ဖမ်းဆီးခံရသူသုံးဦးထဲတွင် မြန်မာနိုင်ငံသား နှစ်ဦးပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ကို သတင်းအရ စောင့်ဆိုင်းစစ်ဆေးချိန်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်ရင်းက ပြောသည်။ ဖမ်းဆီးရမိသူများကို လက်ရှိအချိန်တွင် မီဇိုရမ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားပြီး အသေးစိတ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသား နှစ်ဦးအပါအဝင် ဖမ်းဆီးရမိသူ သုံးဦးကို စစ်ဆေးနေသော်လည်း အသေးစိတ်အခြေနေများကို အတိအကျသတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်တို့တွင်နေထိုင်သူများသည် အိန္ဒိယနိုင်ငံပိုင်နက်ထဲသို့ သွားရောက်နေထိုင်ခဲ့ရာ မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်တို့တွင် မြန်မာနိုင်ငံသား ထောင်နှင့်ချီ ရှိနေခဲ့ကြောင်း သိရသည်။

အာသံရိုင်ဖယ်တပ်ရင်းသည် အိန္ဒိယနိုင်ငံပိုင်နက်အတွင်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ မူးယစ်ဆေးဝါးများ၊ ကွမ်း သီးများအပါအဝင် တရားမဝင် ကုန်ပစ္စည်းများတင်ပို့နေခြင်းများနှင့် တရားမဝင် ဝင်ရောက်မှုများကို တားဆီးနိုင်ရန်အတွက် နယ်စပ်ဒေသလုံခြုံရေးကို တင်းကြပ်ထားကြောင်း သိရသည်။

Ref; ndtv

Leave a Reply

Your email address will not be published. Required fields are marked *