၁၄. ၉. ၂၀၂၃
Translated by Thettant
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပတ်သူဝမ်ဧရိယာကဈေးဝယ်စင်တာတစ်ခုကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာ တရားမဝင် မြန်မာလုပ်သား ၁၈ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod မှာ ဖော်ပြထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးဖို့အတွက် မနေ့က ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စီးနင်းချိန်အတွင်း အချင်းချင်းတပ်လှန့်သတိပေးရင်း လွတ်မြောက်သွားတဲ့ မြန်မာလုပ်သားတွေလည်း ရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ပတ်သူဝမ်ရပ်ကွက်ဟာ မြန်မာတွေသွားလာမှုများတဲ့ နာမည်ကျော် ဈေးဝယ်စင်တာအများအပြားရှိပြီး Siam Paragon တို့ MBK တို့ Central World တို့ Big C တို့ အများအပြားရှိသလို အဲဒီစျေးဝယ်စင်တာတိုင်းမှာလည်း မြန်မာလုပ်သားအများအပြားလုပ်ကိုင်နေကြတဲ့ ဘန်ကောက်မြို့ရဲ့ အဓိကအ ချက်အခြာနေရာတစ်ခုလည်းဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့စီးနင်းတဲ့ စျေးဝယ်စင်တာအမည်ကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာလုပ်သား ၁၈ ဦးမှာ အမျိုးသမီး ၄ ဦးလည်း ပါဝင်တာကို တွေ့ရပြီး အဲဒီလုပ်သားတွေဟာ ထိုင်းဘတ်ငွေ ၅၀၀၀ ကနေ ၅၀,၀၀၀ အကြား ဒဏ်ကြေးဆောင်ရနိုင်ခြေရှိပြီး အလုပ်ရှင်ကတော့ ဒဏ်ကြေးဘတ်တစ်သိန်းအထိ ပြစ်ဒဏ်ချခံရနိုင်တယ်လို့လည်း Khaosod သတင်းမှာ ဖော်ပြထားပါတယ်။
Ref, Khaosod