October 18, 2024

၁၃. ၉. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒီမာဗော့စတော့ခ်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာဖိုရမ် တက်ရောက်ဖို့ ရောက်ရှိနေတဲ့ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းဟာ စက်တင်ဘာ ၁၃ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ရုရှားငြိမ်းချမ်းရေးစင်တာမှာ တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုက ယူကရိန်းစစ်ပွဲအတွက် ရုရှားထံ မြောက်ကိုရီးယားလက်နက်တွေ ရောင်းချဖို့ဖြစ်တယ်လို့ အမေရိကန်နိုင်ငံရဲ့စွပ်စွဲမှုကြောင့် ဒီတွေ့ဆုံပွဲကို နိုင်ငံတကာက သတိထားစောင့်ကြည့်နေခဲ့ကြတာပါ။

အမေရိကန်အရာရှိတွေကတော့ ယူကရိန်းစစ်ပွဲမှာ ရုရှားအသုံးပြုဖို့အတွက် မြောက်ကိုရီးယားအနေနဲ့ ရုရှားဆီ လက်နက်တွေရောင်းချမယ့်အလား အလာရှိတယ်လို့သတိပေးခဲ့ကြပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေကတော့ အဲဒီကိစ္စကို တုံ့ပြန်မှုမပြုခဲ့ပါဘူး။

သတင်းထောက်တွေရဲ့မေးမြန်းချက်တွေကိုတော့ ရုရှားသမ္မတ ပူတင်က “ရုရှားအနေနဲ့ မြောက်ကိုရီးယားက ကိုယ်ပိုင် ဂြိုဟ်တုနဲ့ဒုံးပျံတွေပစ်လွှတ်ရာမှာ ကူညီသွားမယ်”လို့ ဖြေခဲ့ပါတယ်။ ဒါ့အပြင် ပူတင်က“တိတိကျကျပြောရရင်ကျွန်တော် ဒီကိုလာတာ ဒီအတွက်ပဲ” လို့ဆိုခဲ့ပါတယ်။ ကင်ဂျုံအန်းကလည်း “ကျွန်တော့်အနေနဲ့ ရုရှားနိုင်ငံဘက်က အမြဲတမ်း ရပ် တည်သွားမှာပါ” လို့ပြန်လည်ပြောကြားခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ရုရှားသမ္မတပူတင်က ကင်ဂျုံအန်းကို နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

မြောက်ကိုရီးယားက ရုရှားကို လက်နက်ရောင်းချခြင်းပြုမပြု ဘယ်သူမှ တတ်အပ်မပြောနိုင်ပေမယ့် ခေါင်းဆောင်နှစ်ဦးရဲ့ဆက်ဆံမှုက အနောက်အုပ်စုအတွက်တော့ ရင်လေးစရာဖြစ်ခဲ့ရပါတယ်။

ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် ကလည်း “ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းတို့ဟာ စက်တင်ဘာ ၁၃ ရက်တွေ့ဆုံဆွေးနွေးကြရာမှာ စာချုပ်စာတမ်း တစ်စုံတစ်ရာ လက်မှတ်မရေးထိုးခဲ့ပါဘူး။ ဒါပေမယ့် နှစ်နိုင်ငံအကြား နယ်ပယ်ပေါင်းစုံအတွက် ဆွေးနွေးခဲ့ကြတယ်။ စစ်ရေးအပြန်အလှန်ဆောင်ရွက်မှုလည်း ပါတာပေါ့။ ဆွေးနွေးတဲ့ကိစ္စအားလုံးက အချုပ်အ‌ခြာ အာဏာပိုင်တဲ့ ဒီနှစ်နိုင်ငံရဲ့ ပြည်သူတွေအတွက်ပါ။ တတိယနိုင်ငံတစ်ခုနဲ့မဆိုင်ပါဘူး။ ဘယ်သူ့ကိုမှလည်း မဆန့်ကျင်ဘူး” လို့ ပြောခဲ့ပါတယ်။

စက်တင်ဘာ ၁၃ ရက် နံနက်မှာပဲ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ တာတိုပစ်တိုက်ချင်းပစ်ဒုံးပျံနှစ်စီးကို ပစ်လွှတ်ခဲ့သေးတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။ ဒီလိုပဲ ဒီနေ့ အစောပိုင်းမှာပဲ ပင်လယ်နက်ဒေသ၊ ရုရှားရဲ့ အဓိကရေတပ်အခြေစိုက်စခန်းဖြစ်တဲ့ ခရိုင်းမီးယားဒေသအတွင်းက ဆီဗာစတိုပေါလ်မြို့ကို ယူကရိန်းတို့က ဒုံးကျည်နဲ့ပစ်ခတ်ခဲ့ကြောင်း ရုရှားကို ထောက်ခံတဲ့ မြို့တော်ဝန်က ပြောခဲ့ပါတယ်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *