October 18, 2024

၁၂. ၉. ၂၀၂၃

Written by Tha Doe

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ဗိုလ်တေဇလမ်းရှိ ဇမ္ဗူရတနာကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ဦးသိရိန္ဒအား ကျောင်းနေရဟန်းတစ်ပါးက စက်တင်ဘာ ၁၁ ရက် နံနက် ၁၂ နာရီခန့်အချိန်တွင် တူဖြင့်ထုသ-တ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ကျောင်းထိုင်ဆရာတော် ဦးသီရိန္ဒအား သီလပေးအဆောင် ဘုရားခန်းရှေ့ Dream Bed ပေါ်တွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး ကျောင်းတိုက်နေ ဦးဇင်းဣန္ဒာစာရ (၅၁ နှစ်-၅ ဝါ) က သေဆုံးသူ ကျောင်းထိုင်ဆရာတော်သည် ကျောင်းအုတ်တံတိုင်းအသစ်ကာရံစဥ် ၎င်းအား ကြိမ်းမောင်းပြောဆိုသဖြင့် မကျေနပ်၍ တူဖြင့် သုံးချက် ထုသ-တ်ခဲ့ကြောင်း၊ အခြားသောရဟန်းများလည်း တားမြစ်ချိန်မရခဲ့ကြောင်းနှင့် ဆရာတော်အား ဆေးရုံပို့ရန်ပြင်ဆင်ချိန် လွန်တော်မူခဲ့သည်ဟု ဝန်ခံခဲ့သည်။

ထိုသို့ ခန်းနေရဟန်းက တူဖြင့်ထုသ-တ်သည့်အတွက် ကျောင်းထိုင်ဆရာတော်ဦးသိရိန္ဒမှာ ဂျိုစောင်းစုတ်ပြတ်ဒဏ်ရာတစ်ချက်၊ နှာခေါင်း၊ နား၊ ပါးစပ်တို့မှ သွေးထွက် သေဆုံးသွားသဖြင့် တရားခံဦးဣန္ဒာစာရကို သိက္ခာချလူဝတ်လဲပြီး အရေးယူထားကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော်ဦးသိရိန္ဒသည် သက်တော် ၅၄ နှစ်ခန့်အရွယ်သာရှိသေးပြီး ဓမ္မာစရိယဘွဲ့ရရှိထားသူဖြစ်သည့်အပြင် သီရိလင်္ကာမှ MA ဘွဲ့နှင့် အိန္ဒိယနိုင်ငံမှ Ph.D ရရှိထားသူဖြစ်ကာ ယခင်ကဓမ္မဒူတတောရတွင် စာချတရားဟောမှုများဖြင့် သာသနာ့ဝန်ထမ်းဆောင်ခဲ့ပြီးနောက် စာသင်တိုက်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင်လည်း တရားဟော၊ တရားပြခြင်းများဖြင့် ပျော်မွေ့နေသူဟု သံဃာတော်အရှင်သူမြတ်များ၏ မျှဝေဝမ်းနည်းစကားများအရ သိရသည်။

“တန်ဖိုးမသိသော ဒေဝဒတ်လိုတပည့်မျိုး သင်္ကန်းဝတ်ပေးမိလို့ အသက်ပေးလိုက်ရပါလား သူငယ်ချင်းဆရာတော်ဘုရားရယ်။ သီဟိုလ်၊ အိန္ဒိယ နေခဲ့စဉ်ကာလတလျှောက် အသံမာမာနဲ့တောင် စကားပြောတာမကြားမိခဲ့ပါဘူး။ စိတ်မကောင်းဘူး ဘုရား။ ဒီဘက်ခေတ်က တပည့်တော်တို့ခေတ်လို မဟုတ်ဘူးလေ ဘုရား။ ကြီးမှသင်္ကန်းဝတ်တာတွေကို သတိထားရမယ်ဆိုတာတွေကို ဂရုမပြုမိတာလား ဘုရား။ ကံကြွေးရှိကကျေပါစေ။ ကောင်းရာသုဂတိစံမြန်းနိုင်ပါစေဘုရား” ဟု Ven Vi La Sa အမည်ရှိ ဆရာတော်တစ်ပါးကလည်း မျှဝေထားသည်။

ပျံလွန်တော်မူသွားရှာသည့် ဆရာတော် ဦးသိရိန္ဒကို စက်တင်ဘာ ၁၃ ရက်နေ့တွင် မီးသင်္ဂြိုလ် ဈာပနအခမ်းအနားကျင်းပမည်ဖြစ်ပြီး ဆရာတော်မကွယ်လွန်မီသုံးစွဲခဲ့သော Sirin Da အကောင့်တွင်လည်း ဆရာတော်မှာ ဘ၀နတ်ထံစံလွန်ခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်ကို တွေ့ရသည်။

ပုံစာ။ ဆရာတော်ဦးသိရိန္ဒပျံလွန်ပြီဖြစ်ကြောင်း အသိပေးထားမှုကို လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့်ပို့စ်ကို တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *