October 18, 2024

၁၃. ၉. ၂၀၂၃
Written by Peya

မလေးရှားက ကေတီဗွီတွင် အတင်းအကြပ်စေခိုင်းခံရသူ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မကျင့်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကာ အဆိုပါ ဖြစ်စဉ်တွင် အခင်းဖြစ် သက်သေဓာတ်ပုံကိုပါ MT News သတင်းဌာနက ရရှိထားသည်။

မလေးရှားရဲတပ်ဖွဲ့သည် စက်တင်ဘာ ၁၁ ရက်က ဆီလန်ဂေါပြည်နယ် Bandar Puchong တွင် ရှိသည့် ဈေးဆိုင်ခန်းကို ဖျော်ဖြေရေးစင်တာအဖြစ် ပြောင်းလဲထားသည့်နေရာကို စီးနင်းရှာဖွေရာ အသက် ၁၅ နှစ်နှင့် အသက် ၃၁ နှစ်အရွယ်ကြားရှိ အဓမ္မစေခိုင်းခံရသူ မြန်မာအမျိုးသမီး လေးဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီးများကို ရင်းဂစ် ထောင့်ငါးရာဖြင့် စာပွဲထိုး လုပ်ရမည်ဟုဆိုကာ ယခုလအတွင်း ခေါ်ယူခဲ့သော်လည်း အဆိုပါ အမျိုးသမီးများမှာ ဖျော်ဖြေရေး လုပ်ငန်းတွင်သာ အလုပ်လုပ်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများဖြစ်သည့် အဓိက သံသယရှိသူနှင့် လက်ထောက်နှစ်ဦးကို ထိန်းသိမ်းထားရာ အဆိုပါ သုံးဦး အနက် တစ်ဦးက အထက်ပါ အဓမ္မစေခိုင်းခံရသူများထဲမှ တစ်ဦးဖြစ်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို အဓမ္မကျင့်ခဲ့ခြင်းဖြစ်သည်ဟု ကနဦး စစ်ဆေးပေါ်ပေါက်ထားကြောင်း မလေးရှားအခြေစိုက် The Star သတင်းဌာန၏ သတင်းတွင် ဖော်ပြထားသည်။

“ပြီးခဲ့တဲ့ တင်္လာနေ့က ဖြစ်ခဲ့တာပါ။ ကာရာအိုကေခန်းမမှာ လက်တွေကို ချည်နှောင်ပြီး အဓမ္မကျင့်ခဲ့တာပါ။ ဖြစ်စဉ် ဖြစ်ပြီးတော့ အဲ့ဒီက ခရိုင်ရဲတပ်ဖွဲ့က ချက်ချင်း သွားဖမ်းပါတယ်။ စစ်ဆေးပြီးတော့ ဥပဒေအရ အရေးယူသွားမှာပါ။ အဲ့ဒီနေ့က ကာရာအိုကေဆိုင်မှာ အဖမ်းအဆီးရှိတယ်ဆိုလို့ အထဲမှာ တံခါးပိတ် သောက်ကြပြီး ဗလက္ကာရ လုပ်တယ်။ လက်ကို တစ်ယောက်က ကြိုးနဲ့ ချည်ပေးတာ” ဟု အထက်ပါ ဖြစ်စဉ်ကို သိသူ မြန်မာနိုင်ငံသား တစ်ဦးက ဆိုသည်။

ကနဦး ရဲစာအရ အဓမ္မကျင့်သူ သုံးဦးဟု သိရသော်လည်း မလေးရှားအခြေစိုက် သတင်းမီဒီယာများတွင် တစ်ဦးကသာ အဓမ္မကျင့်ဟု ရေးသားထားသောကြောင့် ဖြစ်စဉ်ကို စောင့်ကြည့်နေကြောင်းလည်း ၎င်းက ဆိုသည်။

“မလေးရှားမှာက အခု အလုပ်တွေ မကောင်းဘူး။ မိန်းကလေးတွေအတွက်လည်း လာမယ်ဆိုရင် သတိထားစေချင်တယ်” ဟု ၎င်းက ထပ်မံ ရှင်းပြသည်။

MT News သတင်းဌာနက ရရှိထားသည့် အချက်အလက်များအရ မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံတွင် ထိပ်ဆုံးက ထိုင်နေသူမှာ မုဒိမ်းမှုတရားခံဖြစ်ကြောင်း တိုက်ဆိုင် စစ်ဆေးချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *