October 19, 2024

၁၃. ၉. ၂၀၂၃
Translated by Htwe Ko Tun

အစိုးရအေဂျင်စီများနှင့် နိုင်ငံပိုင်လုပ်ငန်းများမှ ဝန်ထမ်းများအနေဖြင့် ပြည်ပနိုင်ငံများ၏ မိုဘိုင်းဖုန်းများကို အလုပ်ခွင်အတွင်းသို့ ယူဆောင်လာခြင်းနှင့် အသုံးပြုခြင်းမပြုရန် တရုတ်အစိုးရက စက်တင်ဘာလ ၇ ရက်တွင် အမိန့်ထုတ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက်၌ ၎င်း၏ ဖုန်းအသစ်ဖြစ်သော iPhone 15 ကို တရုတ်နိုင်ငံအတွင်း စတင်ရောင်းချရန်ပြင်ဆင်နေသော Apple ကုမ္ပဏီအဖို့ အခက်အခဲအခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

တရုတ်အစိုးရက နိုင်ငံခြားကုမ္ပဏီများမှ ထုတ်လုပ်သော မိုဘိုင်းဖုန်းများသုံးစွဲမှုကို အစိုးရလုပ်ငန်းခွင်များ၌ပိတ်ပင်ခဲ့မှုကြောင့် Apple ကုမ္ပဏီ၏ စတော့ရှယ်ယာဈေးကွက်တန်ဖိုးများ ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ Apple ကုမ္ပဏီက တရုတ်နိုင်ငံတွင် ၎င်း၏ iPhone ထုတ်လုပ်မှုအတွဲများဖြစ်သော iPhone 15 Pro နှင့် IPhone 15 Pro Max တို့ကိုလည်း တရုတ်နိုင်ငံတွင် ရောင်းချခဲ့ပြီးဖြစ်သည်။ တရုတ်အစိုးရ၏ အခွန်ကောက်ခံမှု လျော့နည်းမှုနှင့် ကုန်သွယ်မှုအတားအဆီးများလည်းလျှော့ချထားမှုတို့ကြောင့် iPhone များက တရုတ်နိုင်ငံတွင် ပို၍ဈေးသက်သာကာ အသုံးပြုသူများလှသည်။

Apple ၏ ဇွန်လတွင် ထုတ်ပြန်ခဲ့မှုအရ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ တိုင်ဝမ်ကျွန်းနှင့် မကာအိုဒေသများတွင် iPhone ရောင်းချရမှုမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံဖိုးထိရှိပြီး ယခင်တစ်နှစ်ထက် ၈ ရာခိုင်နှုန်းတိုးတက်လာခြင်းဟု သိရသည်။ ၂၀၂၃ ခုနှစ်၏ ဒုတိယသုံးလပိုင်းတွင်မူ တရုတ်နိုင်ငံအတွင်း iPhone ရောင်းချရမှုက အမေရိကန်နိုင်ငံဈေးကွက်ထက် ပထမဆုံးအကြိမ်သာလွန်သွားခဲ့ပြီး တရုတ်နိုင်ငံက Apple ၏ ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်လာရပြန်သည်။တရုတ်နိုင်ငံအတွင်းတွင်လည်း iPhone ထုတ်လုပ်သည့်ကုမ္ပဏီများရှိသည့်အနက် တရုတ်တိုင်ပေ အခြေစိုက် Foxcoon China ဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရှင်ကျန်းပြည်နယ်တွင် iPhone ထုတ်လုပ်သည့်အဓိကစက်ရုံကြီးရှိသည်ကို တွေ့ရသည်။

ထို့ကြောင့်လည်း ၎င်း၏အသစ်ထွက်ရှိသည့် iPhone 15 အတွက် Apple က တရုတ်နိုင်ငံအား အဓိက အရောင်း ဈေးကွက်အဖြစ်ရည်မှန်းကာ နောက်တစ်နှစ်အတွင်း တရုတ်နိုင်ငံ၌ အရေအတွက် ၄၅ သန်းခန့် ရောင်းချနိုင်ရန် Apple က မျှော်လင့်ခဲ့သည်။ သို့သော် တရုတ်အစိုးရ၏ အစိုးရဝန်ထမ်းများအား လုပ်ငန်းခွင်၌ iPhone အပါအဝင် ပြည်ပနိုင်ငံများမှ မိုဘိုင်းဖုန်းများ အသုံးပြုမှုပိတ်ပင်လိုက်ခြင်းက Apple အတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့သည်။

တစ်ပြိုင်တည်းမှာပင် Apple က iPhone 15 ကို စတင် မရောင်းချမီ ရက်ပိုင်း၌ပင် ဟွာဝေးကုမ္ပဏီက ၎င်း၏ 5G ပဉ္စမမျိုးဆက် မိုဘိုင်းဖုန်းအသစ်နှစ်လုံးကို မမျှော်လင့်ဘဲ စတင်၍ ဈေးကွက်တင် ရောင်းချခဲ့ပြန်ရာ ၎င်းတို့က iPhone 15 အတွက် ဈေးကွက် ပြိုင်ဆိုင်မှုသဖွယ် ဖြစ်ခဲ့ရပြီး Apple အဖို့ တရုတ်နိုင်ငံ ဈေးကွက်အတွင်းပို၍ ကြီးမားသော စိန်ခေါ်မှုကို ရင်ဆိုင်ရသည့်သဖွယ်ဖြစ်ခဲ့ရပြန်သည်။

တရုတ်နိုင်ငံတွင် အစိုးရဝန်ထမ်းများအား လုပ်ငန်းခွင်၌ ပြည်ပထုတ်ဖုန်းများကို ပိတ်ပင်ခဲ့သော်လည်း တရုတ် နိုင်ငံအတွင်း iPhone ကိုမှ အသည်းစွဲအားပေးမည့် သုံးစွဲသူများရှိသည်ကလည်း အမှန်ဖြစ်သည်။ သို့သော် တစ်ဖက်တွင် တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှေးကွေးလာခြင်းကလည်း တရုတ်ပြည်သူများအတွက် တန်ဖိုးကြီး iPhone များ ဝယ်ယူသုံးစွဲမှုကိုထိခိုက်လာမည်လား တွက်ဆကြသည်။

နိဂုံးအားဖြင့်ကောက်ချက်ချရသော် Apple အနေနှင့် ဟွာဝေးကုမ္ပဏီ၏ ဈေးကွက်ပြိုင်ဆိုင်မှုကိုကြုံနေရသလို တရုတ်အစိုးရ၏တင်းကျပ်မှုများနှင့်လည်း ရင်ဆိုင်နေရချိန်တွင် ၎င်း၏ကမ္ဘာ့အကြီးဆုံးဈေးကွက်အဖြစ် တရုတ်နိုင်ငံအားဆက်လက်ထိန်းထားရန်မှာ မရေမရာဖြစ်နေရသည်ဟု ဆိုချင်ပါသည်။

Ref- Nikkei.com, isp.today

Leave a Reply

Your email address will not be published. Required fields are marked *