October 19, 2024

၁၃. ၉. ၂၀၂၃
Written by Pan Ei

ရုရှားသမ္မတ ဗလာဒီမာပူတင်က တောင်အာဖရိကနွယ်ဖွား စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အာကာသသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အချက်အချာကျတဲ့ SpaceX ကုမ္ပဏီရဲ့ ပိုင်ရှင် Elon Musk ကို ထူးချွန်သူနဲ့ ထက်မြက်တဲ့ စီးပွားရေးသမားတစ်ဦးဖြစ်တယ်လို့ မနေ့က ချီးကျူးခဲ့ပါတယ်။

ခုလိုမျိုး ပူတင်က အီလွန်မက်စ်ကို လူသိရှင်ကြားချီးကျူးတာဟာ ရုရှားရဲ့ အဓိက ရေတပ်ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ခရိုင်းမီးယားဆိပ်ကမ်းမြို့ ဆီဗာစတိုပေါမှာ ရုရှားရေတပ်ကို တိုက်ခိုက်ရာမှာ အထောက်အကူဖြစ်စေဖို့ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကွန်ရက်ကို စတင်အသုံးပြုဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်လို့ အီလွန်မက်စ် ထုတ်ဖော်ပြောဆိုပြီး ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

အီလွန်မက်စ်ဟာ စစ်ပွဲကြီးတစ်ခုမှာ ပါဝင်သူ ကြံရာပါဖြစ်ရမှာကို ကြောက်ရွံ့လို့ ယူကရိန်းဘက်က Starlink အသုံးပြုဖို့ အရေးပေါ်တောင်းဆိုမှုကို ငြင်းပယ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူးလို့ သူပိုင်တဲ့ X (အရင် Twitter)မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ရေးသားဖော်ပြခဲ့တာပါ။

ရုရှားနိုင်ငံ အရှေ့ဖျားက စီးပွားရေးဖိုရမ်တစ်ခုမှာ ပူတင်က အဲ့ဒီ Starlink အဖြစ်အပျက်ကို ရည်ညွှန်းပြောဆိုတာမရှိခဲ့ပေမဲ့ မက်စ် ရဲ့ SpaceX ကုမ္ပဏီက အာကာသထဲကို ဒုံးပျံတွေ လွှတ်တင်ရာမှာ အောင်မြင်မှုအကြောင်း မေးမြန်းတဲ့အခါ သမ္မတ ပူတင်က “ပုဂ္ဂလိကစီးပွားရေးနဲ့ပတ်သက်ရင် အီလွန်မက်စ်က ထူးချွန်တဲ့သူတစ်ယောက်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဒါကို အသိအမှတ် ပြုရမယ်။ တစ်ကမ္ဘာလုံးက အဲ့ဒါကို အသိအမှတ်ပြုကြမယ်ထင်တယ်” လို့ ပြောဆိုချီးကျူးခဲ့တာပါ။

ဒါ့အပြင် “သူ (အီလွန်မက်စ်) ဟာ တက်ကြွပြီး ထက်မြက်တဲ့ စီးပွားရေးသမားတစ်ဦးဖြစ်သလို အမေရိကန်အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ အများကြီး အောင်မြင်နေပါတယ်” လို့လည်း ပူတင်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ရုရှားနိုင်ငံရဲ့အာကာသယာဉ်ဟာ ၄၇ နှစ်အတွင်း ပထမဆုံးအကြိမ် လပေါ်ဆင်းသက်ဖို့ ကြိုးပမ်းမှုရှုံးနိမ့်ခဲ့ရပေမဲ့ ကိုယ်ပိုင် အာကာသအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့လည်း ရုရှားခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *