October 19, 2024

မိခင်ခိုင်းစေချက်အရ အသက်မပြည့်သေးဘဲ ပြည့်တန်ဆာလုပ်ရချိန် လိင်ဆက်ဆံခဲ့ရသူများတွင် ထိုင်းနိုင်ငံရေးသမားအချို့ပါဝင်နေ

၁၃. ၉. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ၊ ဆာရာဘူရီပြည်နယ်၊ ဘန်မိုမြို့ရဲတပ်ဖွဲ့ဝင်များသည် အသက် ၁၅ နှစ်အရွယ်ရှိ သမီးဖြစ်သူကို ပြည့်တန်ဆာအဖြစ် အတင်းအကြပ်ခိုင်းစေနေသည့် မြန်မာအမျိုးသမီးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Khasoad သတင်းဌာနက ဖော်ပြထားသည်။

အသက် ၁၅ နှစ်အရွယ်ရှိ မိန်းကလေးငယ်၏ ဖခင်ဖြစ်သူ နှင့် ဆရာဖြစ်သူတို့က ၃၇ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးသည် သမီးဖြစ်သူကို ၎င်း အလုပ်လုပ်ရာ ဘန်မိုမြို့ရှိ အပန်းဖြေစခန်းတွင် လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများအတင်းအကြပ်ခိုင်းစေနေသည်ဟု ရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အသက် ၁၅ နှစ်အရွယ်ရှိ အမျိုးသမီးငယ်၏ဖခင်ဖြစ်သူသည် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် အသက် ၃၇ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးနှင့် ကွာရှင်းထားပြီး သမီးဖြစ်သူကို လိင်လုပ်ငန်းလုပ်ကိုင်ရန် ဖိအားပေးခြင်းများရှိနေသည့်အတွက် ဇနီးဟောင်းကို ပြန်လည်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘန်မိုရဲတပ်ဖွဲ့နှင့် ဆာဘူရီပြည်နယ်ရှိ ကလေးငယ်စောင့်ရှောက်ရေးအဖွဲ့တို့သည် အသက် ၁၅ နှစ်အရွယ်ရှိ ကလေးငယ်ကို စစ်ဆေးမေးမြန်းခဲ့သလို ဆေးစစ်မှုများလည်းလုပ်ဆောင်ခဲ့ရာ ၂၀၂၂ ခုနှစ်အစောပိုင်းတည်းက ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြောသည်။

အသက် ၁၅ နှစ်အရွယ်ရှိ အမျိုးသမီးငယ်သည် မိခင်ဖြစ်သူ၏ တွန်းအားပေးမှုများကြောင့် ဖောက်သည် ၅ ဦး၊ ၆ ဦးခန့်နှင့် လိင်ဆက်ဆံခဲ့ရပြီး ဆက်ဆံခဲ့ဖူးသူများထဲတွင် ထိုင်းနိုင်ငံရေးသမားအချို့လည်း ပါဝင်နေကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။

အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ကျောင်းပျက်များလာသည့်အတွက် ဆရာဖြစ်သူက အိမ်ကို လိုက်သွားချိန်တွင် မိခင်ဖြစ်သူက ကလေးငယ်ကို ဖွက်ထားပြီး အခြားအိမ်သို့ ပို့ဆောင်ထားခြင်းများလည်း ရှိခဲ့ကြောင်းသိရသည်။

Mamaew အမည်ရှိ မြန်မာအမျိုးသမီးက ၎င်း၏သမီးဖြစ်သူအပါအဝင် အခြား အမျိုးသမီးငယ်များကိုပြည့်တန်ဆာအဖြစ်လုပ်ကိုင်ရန် ခိုင်းစေခြင်းများရှိခဲ့ကြောင်း၊ အပန်းဖြေကမ်းခြေကို လာရောက်သော ဖောက်သည်များကို အမျိုးသမီးငယ်များနှင့် လိင်တစ်ခါဆက်ဆံလျှင် ဘတ် ၁၅၀၀ နှင့် ၂၀၀၀ ကြားရရှိခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။

ထိုင်းရဲတပ်ဖွဲ့သည်အဆိုပါ မြန်မာအမျိုးသမီးကို ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်နေထိုင်မှု၊ လိင်ပိုင်းဆိုင်ရာလုပ်ငန်းများတွင် လုပ်ကိုင်ရန် စည်းရုံးလှုံ့ဆော်မှု၊ လူကုန်ကူးမှုဥပဒေ ချိုးဖောက်စသည့် စွဲချက်သုံးခုနှင့် စွဲချက်တင်ထားကြောင်း သိရသည်။

Ref; Khasoad

Leave a Reply

Your email address will not be published. Required fields are marked *