October 19, 2024

၁၃. ၉. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော် ဖုန်းကုမ္ပဏီ Apple က မနေ့က နောက်ဆုံးထွက် iPhone 15 စီးရီးသစ်ကို မိတ်ဆက်ခဲ့ရာ အဲ့ဒီစီးရီးမှာ အံ့အားသင့်ဖွယ်ရာတွေ မရှိခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက အနည်းငယ် စိတ်ပျက်သွားပုံရပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေကို မရရှိခဲ့လို့ ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေဟာဆိုလည်း ၂ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းသွားခဲ့ပါတယ်။

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီ Apple က သူတို့ရဲ့ အထင်ကရပွဲ ‘Wonderlust’ မှာ iPhone 15 နဲ့ 15 Plus၊ iPhone 15 Pro နဲ့ 15 Pro Max တို့အပြင် Apple Watch Ultra 2၊ Apple Watch Series 9 တွေကိုလည်း မိတ်ဆက်ခဲ့တာဖြစ်ပြီး ‘Wonderlust’ ပွဲအပြီးမှာတော့ ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေက ၁ ဒသမ ၇၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်းဖြစ်ကာ ရှယ်ယာတစ်ခုကို အမေရိကန်ဒေါ်လာ ၁၇၆ ဒသမ ၃၀ နဲ့ စာရင်းပိတ်သွားခဲ့ပါတယ်။

Apple ဟာ သူ့ရဲ့အကြီးမားဆုံးဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံအတွင်း ပရီမီယံစမတ်ဖုန်းဈေးကွက်မှာတော့ ထိပ်တန်းပြိုင်ဘက် Huawei နဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ကြုံတွေရဖို့ရှိနေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ တရုတ်အစိုးရက အစိုးရကျောထောက်နောက်ခံပေးထားတဲ့ အေဂျင်စီတွေနဲ့ ကုမ္ပဏီတွေမှာ iPhone အသုံးပြုမှု တားမြစ်ချက်ကို တိုးချဲ့ဖို့စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် Apple ရဲ့ စတော့စျေးနှုန်းဟာ ၅ ရက်အတွင်း ၆ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့သလို အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံလောက် ဆုံးရှုံးခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ Apple ရဲ့ ရှယ်ယာတွေက ဒီနေ့အထိ တစ်နှစ်ကို ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့လည်း အိတ်ချိန်းဒေတာတွေအရ သိရပါတယ်။

Apple ရဲ့ iPhone စီးရီးသစ်တွေကိုတော့ လာမယ့် စက်တင်ဘာ ၁၅ ရက်ကစကာ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ဈေးကွက်ထဲကိုတော့ စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး နိုင်ငံပေါင်း ၃၀ ကျော်မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Ref; Fortune India, Mint

Leave a Reply

Your email address will not be published. Required fields are marked *