October 19, 2024

MT News
၁၃. ၉. ၂၀၂၃

တရုတ်နှင့် အိန္ဒိယ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Tourist Visa On Arrival အား မကြာမီခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

ထိုအစီအစဥ်အရ မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Tourist Visa On Arrival ကို ခွင့်ပြုသည့်ရက်မှစတင်၍ စမ်းသပ်ကာလ (၃) နှစ် သတ်မှတ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာပါက ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) အား အခမဲ့ရယူ၍ (၁.၂ x ၁.၅) လက်မ Colour Photo (၂) ပုံနှင့်အတူ လျှောက်လွှာ ပုံစံ ဖြည့်သွင်းရမည် ဖြစ်သည်။ ဆိုက်ရောက်ဗီဇာအခငွေ (၁) ဦးလျှင် အမေရိကန်ဒေါ်လာ (သတ်မှတ်အခငွေ) ကောက်ခံ၍ နေခွင့် (သတ်မှတ်ရက်) ခွင့်ပြုသွားမည်ဖြစ်သည်။ အလည်အပတ် ဝင်ရောက်ခြင်းအတွက်သာဖြစ်၍ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) တစ်မျိုးတည်းသာ ခွင့်ပြုသွားမည်ဖြစ်သည်။ ထိုသို့ ဆိုက်ရောက်ဗီဇာရရှိရန် နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး (၆) လ ရှိရမည်ဖြစ်ပြီး (၆) လအောက် ဖြစ်ပါက ပြည်ဝင်ခွင့်မပြုဘဲ ခရီးသည်လိုက်ပါလာသည့် လေကြောင်းလိုင်းဖြင့် ပြန်လည်တင်ပို့ခြင်းခံရမည် ဖြစ်သည်။

ထို့အတူ နေခွင့်သက်တမ်း တိုးမြှင့်ပေးရန် လျှောက်ထားခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ နေထိုင်ခွင့်သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ပါက သတ်မှတ်ရက်လွန်ဒဏ်ကြေး အခငွေ ပေးဆောင်ရမည် ဖြစ်သည်။

ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ဖြင့် ဝင်ရောက်လာသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသားများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာရန်လိုအပ်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ တားမြစ်ကန့်သတ်ထားသော နယ်မြေမှအပ နိုင်ငံခြားသားများ သွားလာခွင့်ရှိသည့်နေရာများကို လွတ်လပ်စွာ သွားလာခွင့် ရရှိမည်ဖြစ်သည်။

“တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) ခွင့်ပြုပေးဖို့စီစဥ်နေပါတယ်။ ဗီဇာကြေးတွေ၊ ရက်လွန်ကြေးတွေကို မကြာခင် အသေးစိတ်ထုတ်ပြန်ပေးဖို့စီစဥ်နေပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) ဖြင့် ဝင်ရောက်ရန် ရောက်ရှိလာသူသည် သက်ဆိုင်ရာ လုံခြုံရေးဌာန/ အဖွဲ့အစည်းများမှ ခွင့်မပြုလျှင်သော်လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ အမည်ပျက်စာရင်း (Blacklist) တွင် ပါဝင်ပါက ပြည်ဝင်ခွင့်အား ငြင်းပယ်သွားမည်ဖြစ်ပြီး ခရီးသည်လိုက်ပါလာသည့် လေကြောင်းလိုင်းဖြင့် ပြန်လည်တင်ပို့ခြင်း ခံရမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာသူသည် မည်သည့် အပြည်ပြည်ဆိုင်/ထွက်ပေါက်များမှမဆို ပြန်လည်ထွက်ခွာနိုင်မည် ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *