October 19, 2024

၁၂. ၉. ၂၀၂၃
Written by Ye Kyaw

ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျစဉ်ကပင် ဈေးနှုန်းပြန်မကျခဲ့သည့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ ဒေါ်လာဈေး တက်ရိပ်ပြန်ပြလာသည်နှင့်တပြိုင်နက် ဒီဇယ်တစ်လီတာ ကျပ် ၂,၆၀၀ ကျော်သို့ ထပ်မံခုန်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဒေါ်လာဈေးနှုန်း ကျပ် ၄,၀၀၀ ခန့်အထိ မြင့်တက်ခဲ့သဖြင့် ဒေါ်လာနှင့်ရွှေဈေးကစားသူများအား ဗဟိုဘဏ်က ဩဂုတ် ၂၀ ရက်မှစ၍ ဆက်တိုက်သတိပေးခဲ့သည့်အပြင် တစ်ဒေါ်လာ ကျပ် ၂,၉၂၀ ဝန်းကျင်ဖြင့် ဝယ်ယူ၍ ပြင်ပပေါက်ဈေးနှုန်းနှင့် ပြန်လည်ရောင်းချသည့် သွင်းကုန်လုပ်ငန်းရှင်များကိုလည်း အရေးယူမည်ဟု သတိပေးမှုများကြောင့် စက်တင်ဘာလဆန်းပိုင်းမှစ၍ ဒေါ်လာဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃,၂၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သည်။

ယင်းကဲ့သို့ ဒေါ်လာဈေးနှုန်းများ ဆက်တိုက်တိုက်ကျဆင်းလာခဲ့သည့် စက်တင်ဘာလဆန်းပိုင်းအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်းလာခြင်းမရှိဘဲ ဩဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် အမြင့်ဈေးနှုန်းအတိုင်း ဒီဇယ်တစ်လီတာ ကျပ် ၂,၅၀၀ ကျော်နှင့် ဓာတ်ဆီတစ်လီတာ ကျပ် ၂,၄၅၀ ဝန်းကျင်မှာပင် ဆက်ရှိနေခဲ့သည်။

စက်တင်ဘာ ၁၁ ရက်မှစတင်၍ ဒေါ်လာဈေးနှုန်း တက်ရိပ်ပြလာပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃,၄၀၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်ခဲ့သည့်အချိန်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဒီဇယ်တစ်လီတာ ကျပ် ၂,၆၀၀ သို့ ထပ်မံမြင့်တက်လာခဲ့ပြီး အခြားသောစက်သုံးဆီအမျိုးအစားများလည်း ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၃ ရက် (ယနေ့)တွင် ပရီမီယံဒီဇယ် တစ်လီတာ ၂,၆၃၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ကျပ် ၂,၅၆၀ ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၄၄၅ ကျပ်၊ ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၃၃၅ ကျပ်အထိဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *