October 19, 2024

၁၃. ၉. ၂၀၂၃
Translated by Htwe Ko Tun

လစ်ဗျားနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်က နိုင်ငံအရှေ့မြောက်ပိုင်း၌ ဝင်ရောက်တိုက်ခတ်ခဲ့သော အားကောင်းလှသည့် ဆိုင်ကလုံးမုန်တိုင်း Daniel ကြောင့် သက်တမ်းကြာမြင့်နေပြီဖြစ်သော ဆည်နှစ်ခု ကျိုးပေါက်ခဲ့မှုတွင် ဆိုးရွားလှသော ရေလွှမ်းမိုးမှုဖြစ်ခဲ့ရာ လစ်ဗျားအရှေ့ပိုင်းအခြေစိုက်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက သေဆုံးသူ အနည်းဆုံး ၅,၃၀၀ ရှိသွားပြီဟု စက်တင်ဘာ ၁၂ ရက်က ပြောခဲ့သည်။

လစ်ဗျားနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့များ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တာမာ ရာမာဒန်က မုန်တိုင်းတိုက်ခတ်မှုနှင့် ရေလွှမ်းမိုးမှုဖြစ်ရပ်အတွင်း ပျောက်ဆုံးနေသူများလည်း ထောင်နှင့်ချီ၍ရှိနေရာ သေဆုံးသူဦးရေက တိုးလာဦးမည်ဟု ပြောခဲ့သည်။

မုန်တိုင်းဒဏ်ကိုအဆိုးဝါးဆုံးခံခဲ့ရသော ဒါနာမြို့ ဆိုလျှင် ဆည်နှစ်ခုကျိုးပေါက်မှုမှ ရေလွှမ်းမိုးမှုကိုလည်း ဆက်လက်တွေ့ကြုံခဲ့ရရာ ၎င်းတစ်‌မြို့တည်း၌ပင် ပျောက်ဆုံးနေသူ ၆,၀၀၀ ခန့်ရှိကြောင်း လစ်ဗျားကျန်း မာရေးဝန်ကြီး အော့တ်မန် အဗ္ဗဒူဂျာလီလ်က ပြောခဲ့သည်။​ ဒါနာမြို့တွင် ဆေးရုံများမှာ လူနာများပြားလွန်းသော‌ကြောင့် ဆက်လက်လည်ပတ်ရန်ပင် ဖြစ်နိုင်ဖွယ်မရှိဖြစ်ကြရကာ ရင်ခွဲရုံများတွင် သေဆုံးသူများ၏ အလောင်းများနှင့် ပြည့်နက်နေသည်ကိုတွေ့ကြရသည်။

ဆည်နှစ်ခုကျိုးပေါက်ပြီးနောက် ပြင်းထန်စွာထွက်ကျလာသော ရေစီးကြောင့် ဒေသအတွင်း တံတားသုံးခုလည်းပျက်စီးခဲ့ရကြောင်း သိရသည်။ မြေနိမ့်ချိုင့်ဝှမ်းများရှိ အိမ်များမှာ ကားများနှင့်ရွှံ့နွံများကိုပါ သယ်ဆောင်လာသော ပြင်းထန်သည့်ရေစီး၏ တိုက်ခတ်ခြင်းအောက်တွင် မျောပါ ပျက်စီးကြရကြောင်း ဒေသခံများက ပြောခဲ့သည်။

Ref—CNN

Leave a Reply

Your email address will not be published. Required fields are marked *