October 19, 2024

၁၃. ၉. ၂၀၂၃
Written by Peya

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကောက်ခံနေသည့် ယာဥ်လိုင်စင်အခွန်နှုန်းထားများဖြစ်သော မော်တော်ယာဥ်နှစ်လဲမှတ်ပုံတင်ခနှင့် ယာဥ်စစ်ဆေးခများကို သုံးဆ တိုးမြှင့်ရန်အတွက် အစီအစဥ်မရှိသေးကြောင်း MT News သတင်းဌာနက တာဝန်ရှိသူများထံ မေးမြန်းထားသည့် အချက်အလက်များအရ စုံစမ်းသိရှိရသည်။

ယာဥ်မှတ်ပုံတင်ဆိုင်ရာ အခငွေများကို ယခင်နှုန်းထားထက် သုံးဆခန့် တိုးမြှင့်ကောက်ခံမည်ဆိုသော သတင်းနှင့် အကြံပြုချက်တောင်းခံစာ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ MT News သတင်းဌာနက လိုက်လံစုံစမ်းမေးမြန်းရာတွင် အထက်ပါအတိုင်း သိရှိရခြင်းဖြစ်သည်။

“တိုးကောက်ပါလို့ ညွှန်ကြားချက်လည်း မလာသလို တိုးကောက်ဖို့ လုပ်မယ်ဆိုတာလည်းမရှိပါဘူး။ အပြင်မှာ သတင်းထွက်နေတာလည်း သိပါတယ်။ ညွှန်ကြားချက်မရှိသေးဘူးလို့ သိရပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက MT News သတင်းဌာနသို့ပြောသည်။

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ထွက်ပေါ်နေသော စာအတွင်း ထိုသို့ကောက်ခံနိုင်ရန် အတွက်အကြံပြု ပြန်ကြားပေးပါရန်ဟု ဖော်ပြထားသည်ကိုတွေ့ရပြီးလက်ရှိတွင် ထိုအစီအစဥ်ပျက်ပြယ်သွားပြီဖြစ်သည်ဟုလည်း တယ်လီဂရန်သတင်းများတွင် ရေးသားဖော်ပြနေသည်ကို MT News က တွေ့ရှိရသည်။

“ကောက်မယ်ဆိုတာကို ကြားတော့ အကုန်လုံးကစိုးရိမ်သွားတာပေါ့နော်။ သုံးဆလေ။အခုလိုကျပ်တည်းနေတဲ့ကာလမှာမနည်းဘူး။ တိုးမကောက်တော့ဘူးဆိုတော့လည်းဝမ်းသာပါတယ်” ဟု တက္ကစီယာဥ်မောင်းတစ်ဦးဖြစ်သူ ဦးထွန်းက ဆိုသည်။

ပုံစာ။ လူမှုကွန်ရက်တွင် ပျံ့နှံခဲ့သော ယာဥ်မှတ်ပုံတင်ကြေးနှင့် ယာဥ်စစ်ခများတိုးမြှင့်မည့် လျာထားချက်နှင့် မြင်သာကညနရုံး ယနေ့မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *