၁၃. ၉. ၂၀၂၃
Written by Pan Ei
ကမ္ဘာ့အကြီးကျယ်ဆုံး Miss ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Miss Universe ပြိုင်ပွဲကြီးဟာဆိုရင်တော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုလောက်ပဲ ဖြစ်တယ်ဆိုတာ ပြသနိုင်ဖို့ နောက်နှစ်ကစပြီး အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။
နှစ်ပေါင်း ၇၀ ကျော်ကြာ Miss Universe အဖွဲ့အစည်း (MUO) က အသက် ၁၈ နှစ်ကနေ ၂၈ နှစ်ကြား အမျိုးသမီးတွေသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပေမဲ့ ဒီနေ့၊ စက်တင်ဘာ ၁၃ ရက်မှာတော့ ၂၀၂၄ ခုနှစ်ပြိုင်ပွဲကစပြီး အသက် ၂၈ နှစ်အထက် အမျိုးသမီးတွေပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုတော့မယ်ဆိုတာကို တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
Miss Universe အဖွဲ့အစည်းက “ခုလိုပြောင်းလဲမှုဟာ ၂၀၂၄ ခုနှစ်မှာ တစ်ကမ္ဘာလုံးက အလှမယ်တွေအတွက် အကျုံးဝင်လိမ့်မယ်” လို့ ပြောကြားခဲ့ပြီး “အဲဒီအချိန်ကစပြီး ကမ္ဘာပေါ်မှာရှိတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း Miss Universe ဖြစ်ဖို့ အရည်အချင်းပြည့်မီမှာပါ” လို့ အဖွဲ့အစည်းက Instagram Story ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။
ခုလို အရွယ်ရောက်ပြီး အမျိုးသမီးတိုင်း အသက်ကန့်သတ်ချက်မရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အပြောင်းအလဲတွေ MOU က ဒီနေ့မှာ သတ်မှတ်လိုက်တာအပြင် ဒီနှစ်မှာလည်း မိခင်တွေနဲ့ အိမ်ထောင်သည်တွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားပါသေးတယ်။
၂၀၂၃ ခုနှစ်အတွက် ကျင်းပမယ့် (၇၂) ကြိမ်မြောက် Miss Universe ပြိုင်ပွဲကိုတော့ အယ်လ်ဆာဗေးဒေါနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ၁၈ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်မယ့် Miss ရွေးချယ်ခြင်း အခမ်းအနားကိုတော့ မနက်ဖြန်၊ စက်တင်ဘာလ ၁၄ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref; Rappler